Wednesday, March 4, 2009

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၂/၄။

ဘဏ္ဍာရေး Finance
ကိုယ်ကျိုးစွန့်တာတို့၊ စေတနာ့ဝန်ထမ်း လုပ်အားပေးတို့ဆိုတာတွေဟာ ကွန်မြူနစ်စနစ်ရဲ့ ခြောက်အိပ်မက် တွေပဲ။ လုံးဝဥဿုံ ကိုယ်ကျိုးမဖက်ဘူးဆိုတာ လက်တွေ့နဲ့ ဗြောင်းပြန်ပဲ။ ဒါဟာ ပုံဖျက်ထားတဲ့ ရည်မှန်းချက်တခုထက် ဘာမှမပိုဘူး။ ကိုယ်ကျိုး ကြည့်မှုရဲ့ အဆိုးဆုံးပုံစံလည်းဖြစ်တယ်။ သိမ်ငယ်စိတ်ရှိပြီး ထုံထိုင်းတဲ့သူတဦးသုံးတဲ့ မျက်နှာဖုံးပဲ။ ဒီလိုလူမျိုးမှာ ဆင်ခြေတွေအများကြီးပဲ။ အလုပ်နောက်ကျရင် “တနေ့လုံးတညလုံး ဟိုဟိုဒီဒီ ပြေးလွှား နေရလို့ပါဗျာ” လို့ပြောမယ်။ ပုံနှိပ်တာ ဟန်မကျရင်.. “ကျနော်ဟာ တတ်ကျွမ်းကျင်တဲ့စက်ဆရာမှ မဟုတ်တာဗျာ” လို့ပြောမယ်။ အစည်းအဝေး တခုခုကို ကောင်းကောင်း မစီစဉ်နိုင်ရင် “ကျနော်က စားဖို့သောက်ဖို့ ငွေရှာရသေးတယ်ဗျ” လို့ ဆင်ခြေပေးမယ်။ ဒီလိုဗျူရိုကရေစီ အသေးစားဉာာဉ်ရှိတဲ့သူဟာ ဒုက္ခပဲပေးလိမ့်မယ်။

မာရှယ် ပီလ် ဆတ်စကီး (Marsial Pilsudski) က တခါပြောဖူးတယ်.. “သူတို့ဟာ ပိုလန်ပြည်ကြီး လွတ်လပ်ဖို့ ငွေ (၂)ဆင့်နဲ့ သွေး (၂)စက်လောက်ကျမယ်ဆိုမှ ဒီတိုက်ပွဲထဲ ပါလိမ့်မယ်” တဲ့။

မြေအောက်လုပ်ငန်းမှာ အန္တရာယ်ကြားမှာ သင်လှုပ်ရှားနေရတာဟာ မျိုးချစ်စိတ်ကြောင့်ပဲ။ အလုပ်လုပ်တာ ကတော့ ၀မ်းရေးအတွက် ဖြစ်နေရမယ်။ ကွန်မြူနစ်တွေဟာ ကျနော်တို့နိုင်ငံမှာ အလုပ်ကျင့်ဝတ်ကို ဖျက်ဆီးပစ်ခဲ့ကြပြီ။ လူတွေကို သီချင်းလေးတပုဒ်လောက်၊ ကျောလေးတချက် သပ်ရုံလောက်နဲ့ အတင်းအကြပ် အလုပ်လုပ်ခိုင်းကြတယ်။ အကျိုးးဆက်ကတော့ လူတွေဟာ အလုပ်ကို ဘယ်လို ကြိုးကြိုးစားစားလုပ်ရမယ်ဆိုတာ မေ့သွားကြတာပဲ။ ကျနော်တို့ လွတ်လပ်တဲ့ကုမ္ပဏီရဲ့ ကလပ်စည်းတွေကတော့ အခုလို လူနဲ့ ပစ္စည်းတွေကို အလေလွင့်မခံနိုင်ဘူး။

ငွေကြေးနဲ့ပတ်သက်လို့ ဆောင့်ကြွားကြွားနိုင်လှတဲ့အယူအဆ၊ အပေါစားဆန်တဲ့ပြောဆိုမှုက.. “ကျနော်တို့က အမြတ်ရဖို့လုပ်နေတာ မဟုတ်ဘူး။” ဆိုတာပဲ။ ဒါကအကျိုးမဲ့တဲ့ သဘာဝမကျတဲ့ကိစ္စပဲ။ တနေ့လုံး ကောင်းကောင်း အလုပ်လုပ်ပြီးရင် ထိုက်သင့်တဲ့ လုပ်ခတော့ ရသင့်တာပေါ့။ လူတယောက်အနေနဲ့ နေထိုင်နိုင်ဖို့ လုံလောက်တဲ့ ၀င်ငွေတော့ ရှိသင့်တာပေါ့။

အနီတွေကတော့ ကျနော်တို့ကို CIA က ထောက်ပံ့နေတယ်လို့ အမြဲ စွပ်စွဲနေတာပဲ။ တကယ်တော့ ပြည်တွင်းနဲ့ ပြည်ပက ပိုလန်လူမျိုးတွေက လွတ်လပ်ရေး အရေးတော်ပုံအတွက် ကျနော်တို့ကို ထောက်ပံ့နေတာပါ။ သူတို့က ကျနော်တို့ကို ပြေစာတွေ ကြည့်ချင်တယ်လည်း မပြောဘူး။ ပုံစံတွေကို (၃)မူစီ ဖြည့်ရမယ်လည်း မပြောဘူး။ ငွေတွေကို အကျိုးရှိအောင်သုံးဖို့နဲ့ မျှမျှတတ သုံးဖို့ပဲပြောတယ်။ သူတို့ တောင်းဆိုတာက ရိုးသားမှုရှိဖို့ပဲ။ ကျနော်တို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းအတွက် မြီစားမြီရှင် လက်ကျန်ရှင်းတမ်းတခု လုပ်ထားဖို့လောက်ပဲပြောတယ်။

အစည်းအဝေးများ Meetings
ပုံမှန်အားဖြင့် အစည်းအဝေးများကို မိမိနေရာမဟုတ်သည့် ကြားနေအရပ်တခုတွင်သာ ပြုလုပ်သင့်သည်။ သင် ကောင်းစွာ သိသောနေရာ၊ သင် ယုံကြည်စိတ်ရသူများရှိသည့်နေရာ ဖြစ်ပါစေ။ သင့်အိမ်ပတ်ဝန်းကျင် အစည်းအဝေး ပြုလုပ်ခြင်းသည် အမှားတခုဖြစ်သည်။

‘မသိတာကို မဖော်နိုင်’ ဆိုသည့် ဆိုရိုးစကားသည် ယခုတိုင် မှန်ကန်ဆဲဖြစ်သည်။ ကိစ္စရပ် တခုချင်းအတွက် ကြားခံ အဆက်အသွယ်များကို အနည်းဆုံးဖြစ်စေရမည်။ ဆိုလိုသည်မှာ သင် ဦး‘က’နှင့် လမ်းလျှောက်သွားစဉ် မတော်တဆ ဦး‘ခ’နှင့် ဆုံသည် ဆိုပါစို့။ သူ့ကို နှုတ်ဆက်ရန်၊ တွေ့ကြောင်းပြရန် မလိုပါ။ ဦး‘က’သည် ဦး‘ခ’နှင့် သိရန် မလိုပါ။ အလားတူ လမ်းပေါ်ရှိ တစုံတဦးနှင့် မမျှော်လင့်ပဲ ဆုံမိသည်ဆိုပါစို့။ ထိုသူကိုလည်း မြေအောက်လှုပ်ရှားမှုတွင် ပါဝင်နေသူဟု သင်သိထားသည် ဆိုပါစို့။ သူကဖိတ်ခေါ်သည့် လက္ခဏာ ထင်ထင်ရှားရှား မပြဘဲ သူ့နားကို မကပ်ပါနှင့်။ ဒါမှသာ သူသည် ကိစ္စရပ်တခုနှင့် သွားနေသည် (သို့) နောက်ယောင်ခံလိုက်ခံနေရသည်ကို သင်သိမည်ဖြစ်သည်။

ယေဘူယျအားဖြင့် အစည်းအဝေးမတိုင်မီ လူထူသောနေရာမှာ ကနဦး မျက်လုံးချင်းဆုံမိအောင် လုပ်ပါ။ သင့်ကို သူ မှတ်မိပြီဆိုတာ သေချာမှ၊ ဘတ်စ်ကား (သို့) ဓါတ်ရထားကို တက်စီးပါ။ သူက သင့်နောက်သို့ လိုက်လာလိမ့်မည်။ အပြောင်းအလဲအနေဖြင့် သင်က လမ်းလျှောက်သွားလိုဟန်ဆောင်၍ ဘတ်စ်ကား မှတ်တိုင်မှ ထွက်လိုက်ပါ။ အဆက်အသွယ်က သင့်နောက်ကို လိုက်လာလိမ့်မည်။

အရေးကြီးသောအစည်းအဝေးမှန်သမျှ အေးဆေး၍ လုံခြုံသောပတ်ဝန်းကျင်၊ စိတ်ချရသောအိမ် လိုအပ်သည်။ မှတ်စုလိုက်နိုင်သော၊ ပစ္စည်းလဲနိုင်သောနေရာ ဖြစ်ရမည်။ လူတိုင်းက ခိုးနားထောင်တဲ့ ကိရိယာကို ကြောက်ကြတယ်။ ဒါက တကယ်တော့ လျို့ဝှက်ပုလိပ်တပ်ဖွဲ့ဟာ ပုံမှန်အားဖြင့် အများသိပြီးတဲ့ စုရုံးတတ်တဲ့နေရာတွေမှာပဲ ထားတတ်ပါတယ်။ ဒီလိုနေရာတွေကို မသုံးသင့်တာ ထင်ရှားလှပါတယ်။

ဘာပဲဖြစ်ဖြစ် ခိုးနားထောင်တဲ့ကိရိယာတပ်ထားစေဦး အရေးကြီးတဲ့ အစည်းအဝေးတွေ လုပ်နိုင်ပါတယ်။ လိုအပ်တာက ကြိုတင် သတိရှိဖို့ပါပဲ။ စာတိုလေးတွေ (ဒါမှမဟုတ်) သာမန်စကားလေးတွေနဲ့ လုပ်နိုင်ပါတယ်။ “ဒါလေးကို သူ့ဆီယူသွားလိုက်ပါ”။ “သူ အဲဒီမှာ ရှိမယ်လို့ သူမကို ပြောလိုက်ပါ”..စတာမျိုးပေါ့။ ဒီလိုနည်းနဲ့ နာမည်တွေ၊ လိပ်စာတွေကို ခိုးနားထောင်တဲ့ ကိရိယာတွေ တပ်ထားတဲ့ကြားက လက်ဆင့်ကမ်းနိုင်ပါတယ်။ အတွေ့အကြုံအရ ဒီကိရိယာတွေကတဆင့် သူတို့သိသွားတာ နည်းနည်းလေးပါ။ လျို့ဝှက်ပုလိပ်အဖွဲ့က ဒီဟာကိုသုံးတဲ့ အဓိက ရည်ရွယ်ချက်က သတင်းအချက်အလက်စုဆောင်းရဖို့ထက် စိတ်ဓါတ်ရေးရာအရ ခြောက်ခြားအောင်လုပ်ဖို့ ရည်ရွယ်တာပါ။

ဒီလိုကိရိယာတွေသုံးနေရင်လည်း ရိုးရှင်းတဲ့ စကားဝှက်တွေကို အသုံးပြုနိုင်ပါတယ်။ အစည်းအဝေးတခုလုပ်ဖို့ လိုရင် “ကော်ဖီဆိုင်မှာ” လို့ပြောရင်ရပါတယ်။ ဒီဆိုင်ဟာ အရင်ကလည်း ဆုံဖူးပြီးသားမို့ သင့်အဆက်အသွယ်က အလွယ်တကူသိနိုင်ပါတယ်။

အလားတူပဲ သင်က “အင်္ဂါ” လို့ပြောလိုက်ရင် “သောကြာ” နေ့ကို ဆိုလိုမှန်း သူသိပါတယ်။ “မွန်းတည့်” ဆိုတာ “ညသန်းခေါင်” ပေါ့။ အလားတူ “ဒုတိယ” ဆိုတာ “ပဉ္စမ” ပေါ့။

ကနေ့ ပိုလန်မှာ လူတိုင်းလိုလိုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြေအောက်လုပ်ငန်း လုပ်နေကြတာမို့ လျို့ဝှက် ပုလိပ်တပ်ဖွဲ့ဟာ ဒီလို ရှင်းလင်းလွယ်ကူတဲ့ အခြေခံကျတဲ့ အတိုဝှက်တွေကို မဖော်နိုင်ပါဘူး။

ဆက်သား Messengers
ဆက်သားနဲ့ ပစ္စည်းပို့သမားတွေဟာ ဘယ်စီးပွားရေးလုပ်ငန်းမှာမဆို ဒွန်တွဲတည် ရှိနေတဲ့အရာတွေပဲ။ သူတို့ကို ပုံမှန်စာပို့တာ၊ ပစ္စည်းပို့တာတွေမှာ သုံးတာပဲ။ ဆက်သားကို လွှတ်တော့မယ်ဆိုရင် မြေအောက်ကလပ်စည်း ခေါင်းဆောင်က သေသေချာချာ ဆွေးနွေးမှာကြားရမယ်။ ဘယ်ပစ္စည်းကို ဘယ်နေရာ၊ ဘယ်အချိန် ယူသွားရမယ်ဆိုတာ တိတိကျ ကျပြောရမယ်။

ညွှန်ကြားချက်ရပြီးတာနဲ့ ဆက်သားကောင်းဟာ သူသွားရမယ့် လမ်းကြောင်းကို အပြန်ပြန်အလှန်လှန် စစ်ဆေးရမယ်။ သူ့အလုပ်ဟာ ပုံမှန်လုပ်ငန်းပဲ ဖြစ်သင့်တယ်။ အချိန်တိုင်းမှာ သူတို့ဟာ ‘ရှင်း’ နေရမယ်။ ဆိုလိုတာက သယ်ရမယ့်ပစ္စည်းဟာ အနည်းဆုံးဖြစ်ရမယ်။ ဒါမှ ကြားဖြတ်ဖမ်းမိရင်လည်း လျို့ဝှက် မြေအောက်အဆောက်အဦကို မပေါ်အောင် ထိမ်းနိုင်မယ်။

ကလာပ်စည်းနဲ့ ဆက်သားရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် ဘယ်အရာမဆို အလွယ်တကူ ဖျက်ဆီးနိုင်တဲ့၊ စွန့်ပစ်နိုင်တဲ့ အနေအထားရှိရမယ်။

မြေအောက်လျို့ဝှက်အဖွဲ့ကို ဖျက်ဆီးဖို့ လျို့ဝှက်ပုလိပ်တပ်ဖွဲ့သုံးတဲ့ အလွယ်ဆုံးနဲ့ အအောင်မြင်ဆုံးနည်းက ဆက်သွယ်ရေး ကွန်ယက်ထဲကို ထိုးဝင်တာပဲ။ ဥပမာအားဖြင့်.. လျို့ဝှက် ပုလိပ်တပ်ဖွဲ့ဟာ မြေအောက်အစု ခေါင်းဆောင်တယောက်ကို အပူတပြင်း ဖမ်းချင်နေပြီဆိုရင် မြေအောက်အဖွဲ့ရဲ့ ဆက်သွယ်ရေး စနစ်ထဲမှာ သတင်းမှားတွေဖြန့်ပြီး ထောင်ချောက်ဆင်တော့တာပဲ။

ဒီအလုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်တတ်တယ်။ ဦး‘ဆ’ရဲ့ ကလေး ကင်ဆာဖြစ်နေပြီ ဆိုတာနဲ့ စလိုက်တယ်။ ဒါကို ချက်ချင်း မစစ်ဆေးနိုင်ရင်၊ (ဒါမှမဟုတ်) လျို့ဝှက်ပုလိပ်ရဲ့ ပစ်မှတ်ဆီကို အချိန်မီ အကြောင်းမကြားနိုင်ရင်၊ ပူပန်စိတ် ကြီးနေတဲ့ ဦး‘ဆ’က သူ့အိမ်ကို ဆက်သား လွှတ်တော့မယ်။ ဒါဆို သူ့ကလာပ်စည်းတော့ ပျက်ပြီ။ ဆက်သားကို အသာ နောက်ယောင်ခံ လိုက်သွားရုံပဲ။

ကလာပ်စည်းခေါင်းဆောင်က သူ့မိသားစုကို သူကိုယ်တိုင် ဆက်သွယ်လို့မရတဲ့ လုံခြုံရေး အစီအမံတွေရှိမှ ဒီလိုအချိန်မှာ ဆက်သားသုံးရမယ်။ နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး (လူလူချင်း) ထိတွေ့မှုဟာ အရေးကြီးဆုံးဆိုတာ သဘောပေါက်ရမယ်။ လူလူချင်းဆက်ဆံရေးမဟုတ်တဲ့ စစ်တပ်ဆန်တဲ့ပုံစံကို မြေအောက်လုပ်ငန်းမှာ မသုံးရဘူး။ ကူရွန် (Kuron) တခါက ရေးဖူးသလိုပဲ.. “သွေးစည်းချစ်ကြည်မှုဟာ အရေးတော်ပုံထက် အရေးကြီးတယ်။”

သွေးစည်းချစ်ကြည်ရေးဆိုတာ လူသားချင်း သွေးစည်းချစ်ကြည်ရေးကိုပြောတာပါ။ ဒါကို ဆက်သားလွှတ်ပြီး တည်ဆောက်လို့မရဘူး။

မှတ်စုစာအုပ်များ Notebooks
မြေအောက်အဖွဲ့ဝင်တွေ ဘယ်သူမှ လိပ်စာစာအုပ် ဆောင်မထားရဘူးလို့ တားမြစ်ထားရမယ်။ ကိုယ့်အခန်း ကိုယ်ထားတာ၊ ကိုယ့်ကိုယ်ပေါ်မှာထားတာ ကိစ္စမရှိတန်ကောင်းပါဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ စစ်ကြောရေး ရောက်မှ.. “ဒါ ကျနော့်မိတ်ဆွေ ဟောင်းပါ”။ “သူက ကျနော် ငယ်ငယ်ကတည်းကသိတဲ့ အမျိုးသမီး မိတ်ဆွေပါ။” ဆိုတာ လောက်နဲ့ မရတော့ဘူး။
ခင်ဗျားလိပ်စာစာအုပ်ထဲပါတဲ့ လူတိုင်းရဲ့နာမည်။ လိပ်စာတွေကို စစ်ဆေးဖို့ ဆိုတာ ပုလိပ်အလုပ်ပဲ။ ဒီလိုလုပ်ဖို့ သူတို့မှာ အချိန်လည်းရှိတယ်။ ပုလိပ်စစ်ဆေးချက်က ထွက်လာတဲ့အဖြေတွေဟာ သင့်အတွက် အံ့သြစရာတွေ ဖြစ်လာလိမ့်မယ်။
သင်က ရှက်တတ်ကြောက်တတ်တဲ့၊ မလုပ်တတ် မကိုင်တတ်လို့ သိထားတဲ့ ကလေးဘ၀က အမျိုးသမီး မိတ်ဆွေတွေရဲ့အခန်းမှာ လျို့ဝှက်ပုလိပ်တပ်ဖွဲ့က တရားခံပြေးတယောက်လို သွားတွေ့တာ ဖြစ်ချင်ဖြစ်မယ်။ ဒီလူကလည်း မိန်းကလေးရဲ့ သင်္ကာမကင်းဖြစ်စရာမရှိတဲ့ အနေအထားကိုကြိုက်ပြီး ပုန်းဖို့ နေရာရွေးခဲ့တာပေါ့။

အဲဒီလိုပဲ ခင်ဗျားကို အပြစ်ကင်းစင်တဲ့ ငယ်ဘ၀ ကစားဖော်အဖြစ် သိထားတဲ့ အခြားသူတို့ရဲ့ အပျင်းထူမှုကြောင့် ခင်ဗျားလည်း ဒုက္ခရောက်နိုင်တာပဲ။

မြေအောက်အ၀န်းအ၀ိုင်းဟာ လူတွေအများကြီးရှိပေမယ့် တကယ်တော့ ဒီကမ္ဘာဟာ ကျဉ်းကျဉ်းလေးပါ။ ဒါကို မျှော်လင့်ထားရမယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အုတ်ဂူတွေပေါ်က ကမ္ဗည်းစာတွေကိုကြည့်ပါ။ မိသားတစုလုံး သေသွားမှတော့၊ ဘယ်စစ်ပြန်က “ကျနော်တို့ နိုင်တယ်” လို့ပြောလို့ရမှာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ဒီလိုမဖြစ်ပါစေနဲ့။ အဖြစ်အပျက်တိုင်းဟာ သေးဖွဲတဲ့၊ အမှတ်တမဲ့ဖြစ်တဲ့၊ မတွေးတောမစဉ်းစားမိတဲ့ ကိစ္စငယ်လေးတွေက စခဲ့တာချည်းပဲ။

ဒါကြောင့် သတင်းကို ၀ှက်စာသွင်းဖို့ လိုတယ်။ ၀ှက်စာသွင်းထားတဲ့ စာတိုလေးတစောင်၊ လိပ်စာစာအုပ်လေး တအုပ်ကြောင့် သင်္ကာမကင်းဖြစ်ခံရမှာကို မပူပါနဲ့။ ဒီဝက်တွေကို ဘယ်အချိန်မဆို သင် ဒီလို ပြောဆိုနိုင်ပါတယ်.. “ကျနော့် သူငယ်ချင်းတွေကို ကျနော့်လို ငရဲမခံရစေချင်လို့ပါဗျာ”..လို့။

အိမ် (သို့) အခန်းတခန်းရဲ့နံပတ်ကိုပဲ ရေးပါ။ လမ်းနဲ့တခြားဟာတွေကို ခေါင်းထဲမှာပဲ မှတ်ထားပါ။ လိုအပ်သမျှသာ ခဲတံနဲ့ရေးထားတာ အကောင်းဆုံးပဲ။ ကိစ္စပြီးရင် အလွယ်တကူ ဖျက်လိုက်လို့ရတာပေါ့။ မှင်မသုံးပါနဲ့။ သင် ဘောပင်နဲ့ရေးထားတာကို အပေါ်က ဟိုခြစ်ဒီခြစ် လျှောက်ခြစ်ထားရုံနဲ့ အောက်မှာရေးထားတာက ပျက်သွားတာ မဟုတ်ဘူး။

ဝှက်စာနဲ့ရေးထားပေမယ့် သင့်မှတ်စုစာအုပ်ကို အခါအားလျော်စွာ ပြန်ရေးပါ။ မလိုတဲ့လိပ်စာတွေကို ဆုတ်ပစ်ပါ။
ယေဘူယျအားဖြင့်တော့ စာတိုတွေကို သေးနိုင်သမျှ အသေးဆုံး စာရွက်ပေါ်မှာ ရေးပါ။ ဒါမှ ကိစ္စပေါ်တဲ့အခါ ဖျက်ဆီးဖို့ ပါးစပ်ထဲထည့်ဝါးဖို့ လွယ်မယ်။ ပေါ့ဆမှုဟာ နာနာကျင်ကျင် ခံစားရစေလိမ့်မယ်။

(၁၉၇၀) စုနှစ်များက ဒီလိုပဲ မြေအောက် အဖွဲ့ဝင်တဦးဟာ သတင်းတပုဒ်ကို မာကျောတဲ့ ကွန်ပြူတာကဒ်ပြား ပေါ်မှာရေးတဲ့ အမှားတခုကိုကျူးလွန် ခဲ့ဖူးတယ်။ ပုလိပ်လာဖမ်းတော့ အန္တရာယ်ရှိတဲ့ သတင်းတိုလေးတပုဒ်ကိုသာ မျိုချနိုင်လိုက်တယ်။ ပုလိပ်က သူ့ကို နံပတ်တုတ်နဲ့ နှံလိုက်လို့..။

တယ်လီဖုန်းအဆက်အသွယ် Phone calls
တယ်လီဖုန်းအဆက်အသွယ်ဟာ နည်းလေလေ ကောင်းလေလေပဲ။ တယ်လီဖုန်း အဆက်အသွယ်ဟာ သင့်ရဲ့ လျို့ဝှက်လုပ်ငန်းတွေကို ထောက်လှမ်းဖို့ လျို့ဝှက်ပုလိပ်အတွက် အလွယ်ဆုံးနည်းပဲ။ တယ်လီဖုန်းသုံးရမယ်ဆိုရင် အများသုံးဖုန်း (ဒါမှမဟုတ်) သင့်အလုပ်တိုက်က အလွယ်တကူ သုံးနိုင်တဲ့ဖုန်းကိုသုံးတာ အကောင်းဆုံးပဲ။ သိပ် ယဉ်ကျေးဖို့လည်း မလိုပါဘူး။ သင်္ကာမကင်းဖွယ်ဖြစ်မယ့် စကားဝှက်တွေကိုလည်း မသုံးပါနဲ့။

“ကျနော်ပို့ လိုက်တဲ့ငါးတွေ ရပြီလား”။ “ဟုတ်တယ်လေ ဘီရိုထဲထည့်ထားတာ။” “ဟာ မဟုတ်ဘူး။ ရေခဲသေတ္တာာကိုပြောတာ”။ ဒါ မျိုးတွေက ပုလိပ်ကို အနံ့ရစေရုံမကဘူး၊ အကောင်ပါ ပြလိမ့်မယ်။

ကနေ့ကာလမှာ ပိုလန်လူမျိုးတော်တော်များများက ဘာမှအရေးမကြီးတာလေးလည်း စကားဝှက် သုံးပြီး ပို့နေကြတာပဲ။ ဒီလို ‘ညံသံ’ တွေကြောင့် အမှားကို ဖုံးကွယ် ထားသလိုဖြစ်ပေမယ့် သတိရှိတာ အကောင်းဆုံးပါပဲ။

မြေအောက်လုပ်ငန်းမှာ တယ်လီဖုန်းဟာ ဆက်သွယ်ရေးအတွက် ဖြစ်တယ်။ အလာပသလာပပြောဖို့ မဟုတ်ဘူး။ တယ်လီဖုန်းဆက်လိုက်လို့ လိုင်းပေါ်မှာ “အမိန့်ပေးမူနှင့် ပြောနေသောစကားများ” လို့ ကြိုတင်အသံသွင်းထားတဲ့ တိပ်ခွေလို ထပ်တလဲလဲ ကြားနေရရင် ဒါဟာ တကယ်မဟုတ်ဘူးဆိုတာ သတိပြုပါ။ ကွန်မြူနစ်တွေ ဖြစ်စေချင်တာက ဘယ်သူ့ကိုမဆို၊ ဘယ်အရာကိုမဆို ကိုင်လို့ရ သလောက် ကိုင်ဖို့ပဲ။

ချကွက်သေ Dead drops
ချကွက်သေဆိုတာ မီးခလုတ်တခုလိုပဲ။ တခုခုဖြစ်ရင် လျှပ်စီးကို အလိုလိုဖြတ်ချ လိုက်မယ်။ ချကွက်သေဆိုတာ အုပ်စုအသီးသီးက ဆက်သွယ်နိုင်တဲ့။ ပစ္စည်းဖလှယ်နိုင်တဲ့ နေရာတခုပဲ။ အဲဒါဟာ အိမ်၊ ဆိုင် (သို့) အိမ်ခန်းတခန်း ဖြစ်နိုင်တယ်။

ချကွက်သေကို အများကြီးသုံးလို့လည်းရတယ်။ နည်းနည်းပဲ သုံးလို့လည်း ရတယ်။ ချကွက်သေ တခုကို အလွန်အကျွံသုံးရင် မလိုလားအပ်တဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ်။ အိမ်နီးချင်းတွေ၊ အလုပ်အတူ လုပ်ဖက်တွေက သင်္ကာမကင်း ဖြစ်လာနိုင်တယ်။
ချကွက်သေကို ခဏခဏ မသုံးဘူးဆိုပြန်ရင်လည်း၊ ချကွက်သေမှာ တာဝန်ယူသူနဲ့ အခြားအဆက်အသွယ်များ အကြား ဆက်သွယ်မှုဟာ ခမ်းခြောက်သွားနိုင်တယ်။ ဘယ်သူမှ တလကို စာလေး (၃)စောင် လက်ခံဖို့ တပတ်ကို နှစ်ကြိမ် နာရီပေါင်းများစွာ ချကွက်သေမှာ ထိုင်မစောင့်ချင်ဘူး။

ချကွက်သေမှာ ကောင်းမွန်တဲ့ အံဝှက်တွေ လုပ်ထားတာ။ ဒါမှမဟုတ် တခြား လုံခြုံတဲ့ အိမ်တအိမ်ဆီ အလွယ်တကူ ကူးသွားနိုင်တာတွေဟာ အန္တရာယ် မရှိပါဘူး။ ချကွက်သေကို တာဝန်ယူသူဟာ ဒါတွေကို နားမလည်ရင်၊ လုံခြုံရေးအစီအမံတွေ လုပ်မထားရင် တခြားတယောက်ကိုရှာပြီးခိုင်းတာ အကောင်းဆုံးပဲ။

ခပ်လန့်လန့်လူကို တာဝန်ပေးရတာနဲ့စာရင် ချကွက်သေအသစ်တခုကို စီစဉ်ရတာ ပိုလွယ်ပါတယ်။ သူ့ချကွက်သေကိုသုံးတိုင်းလည်း စိတ်ချရတယ်။ ပိုလန်နဲ့ဇာရူဆဲစကီး ရဲ့တိုက်ပွဲမှာ ရာဇ၀င်တွင်သူတဦး ရှိခဲ့ဖူးတယ်။ မြေအောက်ပုံနှိပ်တိုက်ဟာ ပစ္စည်းတွေလာပို့သူကို တံခါးဖွင့်ပေးပြီး၊ အဲဒီစာစောင်တွေ လာယူသူတွေကိုတော့ နှင်ထုတ်တယ်။ အဲဒီလို အရေးကြီးပြီး လူကြိုက်များတဲ့ ကုန်စည်အတွက် သူစိုးရိမ်တယ်လေ။ ဒါမှ တကယ့် ချကွက်သေပဲ။ (သူ့ပစ္စည်းက ဘယ်မှ မရွေ့တော့ဘူး။)

ရုံးများ Offices
မြိ့ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ် ပြေးလွှားပြီး မဆုံးနိုင်တဲ့အစည်းအဝေးတွေ မတက်ချင်ရင်၊ တယ်လီဖုန်း အဆက် မပြတ် ဆက်နေရတာ မဖြစ်ချင်ရင်၊ ဆက်သားနဲ့ တချိန်လုံး နပန်းလုံးမနေချင်ရင်၊ သင့်မှာ ရုံးတရုံးရှိဖို့လိုပါတယ်။ ရုံးဟာ လုပ်ဖော်ကိုင်ဖက် မြေအောက်အဖွဲ့ဝင်တွေနဲ့တွေ့ဖို့၊ ဆက်သားကို လက်ခံတွေ့ဆုံဖို့ သုံးနိုင်တဲ့ နေရာတနေရာဖြစ်ရင် ရပါပြီ။ ရုံးဟာ ပုံမှန် ဆက်သွယ်မှုအတွက်သာ ဖြစ်ရမယ်။ အခြား ပုံမှန်မဟုတ်တဲ့ကိစ္စတွေ၊ လူမှုရေးပွဲသဘင်တွေ အတွက်တော့ အခြားကုမ္ပဏီလူကြီးရဲ့ရုံးမှာ အပြောင်းအလဲအနေနဲ့ လုပ်နိုင်ပါတယ်။ သင့်အစည်းအရုံးဟာ လူ (၇) ယောက် မှ (၁၀) ယောက်သာရှိတဲ့၊ ဘယ်လောက်ပဲ သေးငယ်တဲ့အဖွဲ့ဖြစ်ပါစေ။ ပုံမှန်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ အလွန်အမင်း ဖိစီးဆဲ့ဒဏ် မခံချင်ရင်၊ ရုံးတရုံးရှိဖို့ လိုအပ်ပါတယ်။

ဒီလိုလုပ်မထားရင် သာမန်ပုဂ္ဂိုလ်ရေး အခက်အခဲ၊ တုပ်ကွေးလေးမိလိုက်ရင်တောင်မှ ကလာပ်စည်းရဲ့ လျို့ဝှက် လုပ်ငန်းတွေ ရပ်တန့်သွားနိုင်ပါတယ်။ ရုံးဟာ ချကွက်သေလိုပဲ အသေအချာ ကာကွယ်ထားရမယ်။ စကားဝှက် သုံးရမယ်။ အများ အာရုံစိုက်မခံရအောင် ဂရုပြုရမယ်။

အံဝှက်များ Secret compartments
သင့်ကို စွဲချက်တင်ခံရနိုင်စေတဲ့ ဘယ်အရာကိုမဆို ဖွက်ထားပါ။ “ဘာမှ မရှိတာနဲ့စာရင် ပုံစံ တမျိုးမျိုးနဲ့ ၀ှက်ထားတာက ပိုကောင်းပါတယ်” ဆိုတဲ့ ဥပဒေသကို သတိရပါ။

ပုလိပ်က လာရှာတဲ့ပုံစံ (၃) မျိုးရှိတယ်။ ပထမ တမျိုးက.. အိမ်မှာ ဘယ်သူနေသလဲ ဆိုတာရယ်။ အိမ်နား ပတ်ဝန်းကျင်မှာ ဘာရှိသလဲ ဆိုတာကို ဝေ့၀ဲကြည့်ရုံလောက်ရယ် ဒီလောက်ပဲ သာမန်စစ်ဆေးတာ။ ဘာကို တွေ့အောင် ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပေမယ့်၊ သင့်ကို အမှုဖွင့်နိုင်လောက်တဲ့၊ ဘယ်အထောက်အထားမဆို၊ ဥပမာ.. ကျောက်ပုံနှိပ်ရာမှာသုံးတဲ့ ပိုးစ၊ သစ်သားဘောင်လေးလောက်ကိုပဲ ဖြစ်ဖြစ်ရှာမှာပဲ။

ဒုတိယတမျိုးကတော့.. သင့်အိမ်၊ အခန်း၊ အလုပ်ဌာနတို့ကို စနစ်တကျရှာတာ။ ဘီရိုတိုင်း၊ စာအုပ်တိုင်း၊ အံဆွဲတိုင်း၊ စာရွက်တိုင်းကို အကုန်လှန်လှောရှာမှာပဲ။ ဒါကတော့ အလွန်အချိန်ယူတဲ့၊ နာရီပေါင်းများစွာကြာတဲ့၊ ခက်ခဲတဲ့ လုပ်ငန်းပဲ။
နောက်ဆုံးတမျိုးကတော့.. သင့်အိမ် ဥပမာ တနေရာရာမှာ မြေအောက်လုပ်ငန်းသုံး ပစ္စည်းများ သော်လည်းကောင်၊ ပုံနှိပ်စက်သော်လည်းကောင်း ဖွက်ထားတယ်ဆိုတာ သေချာသိထားလို့လာရှာတာမျိုးပဲ။ အဲဒါကတော့ သူတို့လိုချင်တာ မတွေ့မချင်းရှာမှာပဲ။

သဘောတရားအရပြောရင် လူတယောက်က ဖွက်နိုင်တဲ့အရာကို နောက် တယောက်ကလည်း တွေ့အောင် ရှာနိုင်တာပဲ။ ကြုံတောင့်ကြုံခဲဖြစ်ရပ်တွေအပေါ် သိပ်မမှီခိုပါနဲ့။ လက်တွေ့အရပြောရင် တတိယအမျိုးအစား ရှာဖွေမှုက ဖြစ်ခဲပါတယ်။ ဒုတိယအမျိုးအစားက ရံဖန်ရံခါ ဖြစ်တတ်တာပါ။ ပုလိပ်က တခုခုကို ရှာတွေ့သွားတယ်ဆိုတဲ့ ဖြစ်ရပ်ရဲ့ (၉၀%) က ကိုယ့်ဖက်က ပေါ့လျော့လို့ပဲ။ ပစ္စည်းကို လူမြင်သူမြင်ထားတာမျိုးပေါ့။

မြေအောက်အဖွဲ့ဝင်တွေအတွက် ကိုယ့်လည်ပင်းကြိုးကွင်းစွပ်မဲ့အယူအဆမျိုးကို ပယ်ဖို့လိုမယ်။ ပထမတမျိုးက.. “ပုလိပ်လာလိမ့်မယ် ဒါပေမယ့် ဘာမှလုပ်ထားစရာ မလိုဘူး” ဆိုတဲ့အမြင်။ ဒုတိယတမျိုးက.. “ပုလိပ်လာမှာ မဟုတ်ပါဘူး။ ပစ္စည်းတွေ ဟိုဖွက် ဒီဖွက်နဲ့ ဘာလို့ ဒုက္ခရှာနေဦးမှာလဲ” ဆိုတဲ့အယူအဆ။

“ဟိုဖွက်ဒီဖွက်လုပ်လည်း ခံရမှာပါပဲ။ မလုပ်လည်း ခံရမှာပါပဲ” ဆိုတဲ့အမြင်က တကယ့်ကို မှားပါတယ်။ အန္တရာယ်ကြီးပါတယ်။ အန္တရာယ်ကို အရှိအတိုင်း သေချာတွက်ချက်ရမယ်။ တခါတရံတော့ မြေအောက်အဖွဲ့အစည်းကို ဒုက္ခပေးတာ ပုလိပ်မဟုတ်ဘူး။ စပ်စပ်စုစုနိုင်လှတဲ့ အိမ်နီးချင်း ကြောင့်လည်း ဖြစ်တတ်တယ်။ လုံခြုံရေးအစီအမံတွေကိုသာ သေချာလိုက်နာရင် စစ်ဆင်ရေးဝင်ဦးတော့ ပုလိပ် လိုချင်တာကို ရမသွားအောင်လုပ်နိုင်ပါတယ်။

အရေးအကြီးဆုံးဖြစ်တဲ့ တခုတည်းသောအချက်ကတော့ အံဝှက်တွေကြိုတင် စီမံထားဖို့ပါပဲ။ တကယ် အလေး အနက်ထား လုပ်ကိုင်တတ်တဲ့ပုံစံ အမျိုးမျိုးရှိပါတယ်။ စက္ကန့်ပိုင်းအတွင်း စာရွက်စာတမ်းတွေကို အလွယ်တကူ ဖွက်နိုင်တဲ့ သေးငယ်တဲ့ အံဝှက်ကလေးတွေ လုပ်ထားနိုင်ပါတယ်။ နောက် ပိုကြီးတဲ့ မြေအောက် ပုံနှိပ်စာရွက်စာတမ်းတွေ ဖွက်နိုင်တဲ့ ဒုတိယအံဝှက်လည်း ရှိတတ်ပါတယ်။ လိုအပ်ရင် ဒီထက် ပိုကြီးတဲ့အံဝှက်လည်း ရှိနိုင်ပါတယ်။

အလွန်အကျူး အစိုးရိမ်မလွန်ဖို့တော့ လိုပါတယ်။ တရားမ၀င် မြေအောက်စာအုပ်တအုပ် (သို့) သတင်းစာ တစောင်ကို လက်ဝယ်ထားရုံနဲ့ အန္တရာယ်မရှိပါဘူး။ ဒါဟာ နေ့စဉ် ပိုလန်ပြည်သူ သန်းပေါင်းများစွာ လုပ်နေကျအလုပ်ပါ။

မြေအောက်ပုံနှိပ်တိုက် Underground Press
မြေအောက် ပုံနှိပ်တိုက်တတိုက် တည်ထောင်တာဟာ ဘယ်ဘက်ကကြည့်ကြည့် အသုံးတည့်တဲ့ အရာပါ။ လုံခြုံရေးကြောင့် တသီးတခြားစီဖြစ်နေတဲ့ ကလာပ်စည်းတွေအတွက် ဆက်သွယ်ရေး လမ်းကြောင်းတခု ဖွင့်ပေးနိုင်တယ်။ ကလာပ်စည်း ခေါင်းဆောင်တွေအတွက်လည်း နိုင်ငံရေးအယူအဆတွေ၊ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို မိမိဖာသာ ပြန်ဆန်းစစ်နိုင်တယ်။
သတင်းစာဟာ စိတ်ကူးစိတ်သန်းတွေကို ဖြန့်ဖြူးပေးရုံသာ မဟုတ်ဘူး၊ သတင်းအချက်အလက်၊ ငွေနဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေအတွက်လည်း အကောင်းဆုံး ရေသောက်မြစ် ဖြစ်တယ်။ မြေအောက်လုပ်ငန်း လက်သင်လေးတွေအတွက် နည်းပညာဆည်းပူးရာ လေ့ကျင့်ရေးကွင်းလည်းဖြစ်တယ်။ သူတို့ကို အကြောက်တရားကို ဘယ်လို ကျော်လွှားရမယ်။ ရင်ဆိုင်ရမယ်ဆိုတာကို သင်ပေးနေတာပဲ။ လက်သင်တယောက် ဘယ်လောက် တိုးတက်လာတာကို၊ ပြဿနာတွေကို ဘယ်လောက်ဖြေရှင်းနိုင်လာပြီဆိုတာကို တိုင်းတာနိုင်တဲ့ နည်းတခုကတော့ သူ ဘယ်လောက် သတင်းအလုပ်တွေ သယ်ပို့ပေးနိုင်မလဲဆိုတာကြည့်ရင် သိနိုင်တာပဲ။

မြေအောက်သတင်းစာတစောင်ကို ထုတ်လုပ်ဖြန့်ဖြူးရတဲ့ဖြစ်စဉ်ဟာ ပုန်ကန်ရေးအတွက် အခြေခံ နည်းစနစ်တွေ အားလုံးကို သင်ပေးလိုက်တာပဲ။ ကဏ္ဍတခုနဲ့တခု ကတ္တားခြားထားဖို့ (ပုံနှိပ်တိုက်နဲ့ ဖြန့်ချိရေး)လိုတယ် ဆိုတာ ပြနေတယ်။ ဥပမာအားဖြင့်.. အယ်ဒီတာအဖွဲ့နဲ့ ပုံနှိပ်တိုက်တို့အကြား ဆက်သွယ်ဖို့ ချကွက်သေ စာတိုက်ပုံးစနစ် လိုတယ် ဆိုတာဖြစ်လာစေတယ်။ လက်ကားပို့ဆောင်ရေးနဲ့ဖြန့်ချိရေးကို လက်လီပို့ဆောင်ရေးနဲ့ဖြန့်ချိရေးနဲ့ ခွဲခြားထားဖို့လိုတယ်ဆိုတာကိုလည်း နားလည်လာစေတယ်။

ဒီနေရာမှာ ကလာပ်စည်းတခုနဲ့တခု၊ မိတ်ဆွေချင်း အဆက်အသွယ်တို့နဲ့ အလျားလိုက် ဆက်ဆံမှုက ပေးနိုင်တဲ့ အန္တရာယ်တွေကို ဆွေးနွေးချင်တယ်။ ကလာပ်စည်းတခုရဲ့ ခေါင်းဆောင်က သတင်းစာဖြန့်ချိရေး ယူနစ်တခုကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဥပမာလေးကို ပြောပြချင်ပါတယ်။ သူဆုံးဖြတ်ခဲ့ရတာက ဒီယူနစ်ရဲ့ လုပ်ငန်းတွေကို ပုလိပ်က သိသွားပြီလို့ ယုံကြည်ရလို့၊ ဒါမှမဟုတ် ဒီဖြန့်ချိရေးယူနစ်ကို ပုလိပ်က စောင့်ကြည့်တာခံနေရပြီလို့ သင်္ကာမကင်း ဖြစ်လာလို့ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ယူနစ်ရဲ့ဆက်သားအဖမ်း ခံလိုက်ရပါတယ်။ ဒီဆက်သားဟာ နေရာသစ်ကို သွားဖို့ ပြောထားပေမယ့် အန္တရာယ်ကို မသိကျိုးကျွံပြုပြီး၊ သူနဲ့ရင်းနှီးခင်မင်ပြီးသား ကလပ်စည်း ခေါင်းဆောင်ဆီကိုပဲ သွားဖို့ ဆုံးဖြတ်ခဲ့လို့ပါ။

ပုလိပ် Police
ကြွက်တွေအပေါ် မြေအောက်တော်လှန်ရေးသမားတွေထားတဲ့ သဘောထားက သူတို့နဲ့ ဝေးဝေးနေလိုတာပဲ။ သူတို့ဟာ တန်ဖိုးအနဂ္ဂ ရှိသူတွေလည်း မဟုတ်။ နေရာအနှံ့ ရှိနေနိုင်တာလည်း မဟုတ်ပါ။ ဒီလိုပဲ ရက်စက်ဖို့သာသိတဲ့ အန္ဓတွေလည်းမဟုတ်ပါ။
ပိုလန်ပြည်သူ့သမတနိုင်ငံရဲ့ အခြားယန္တယားများလိုပဲ ပုလိပ်တွေဟာလည်း ပြည်သူ့ဝန်ထမ်းတွေပါပဲ။ ည (၁၀) နာရီ မထိုးခင်၊ မိနစ်ပိုင်းအလို ဒုတိယဆိုင်းမှာ အလုပ်စောစော ဆင်းချင်ကြသူတွေချည်းပါပဲ။

ဒါပေမယ့် ရံဖန်ရံခါတော့ တကယ် အမဲလိုက်မုဆိုးဇရှိတဲ့ အလွန်ကြိုးစားတဲ့ ရဲအရာရှိနဲ့လည်း ဆုံရတတ်ပါတယ်။ အဲဒီလိုပဲ တခါတုန်းက မြိ့ငယ်လေးတမြိ့မှာ သိပ်အရေးမကြီးလှတဲ့နေရာမှာ အလွန် မျှော်မှန်းချက်ကြီးတဲ့ ရဲအရာရှိငယ် တဦး ရှိခဲ့ဖူးတယ်။ တနေ့တော့ ဒေသခံ အစိုးရ ဆန့်ကျင်ရေးသမားတွေကို ဖော်ထုတ်မယ်ဆိုပြီး သူဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ ညဖက် ရုပ်မြင်သံကြားပြီးချိန်၊ မြိ့လုံးပတ်လည် ညနေတိုင်း လှည့်ပါတော့တယ်။ ဘယ်အိမ်က မီးလင်းနေတုန်းလဲဆိုတာ သူကြည့်တယ်။ သူ့အတွက်တော့ ဒီအိမ်တွေ အားလုံးဟာ မသင်္ကာစရာတွေချည်းပဲ။ အိမ်တအိမ်ဆီနားကပ်ပြီး ဘာတွေပြောနေကြသလဲဆိုတာ ချောင်းနားထောင်ပါတယ်။ မြိ့ငယ်လေးမို့ အိမ်တွေအားလုံးဟာ တထပ်အိမ်တွေ ချည်းဖြစ်လို့ သူ့အတွက် အတော်လွယ်ကူသွားပါတယ်။ ဒီလိုနဲ့ လျို့ဝှက်လုပ်ငန်းလုပ်နေတဲ့ မြေအောက် ဌာနချုပ်တွေကို သူ ခြေရာခံမိသွားပါတယ်။

ကျနော်တို့အတွက်ကံကောင်းတာက ဒီလိုလူမျိုး ပိုလန်ပုလိပ်အဖွဲ့ထဲမှာ များများ မရှိတာပါပဲ။ ပုလိပ်အဖွဲ့ရဲ့ အင်အားဟာ အလွန်ကြီးမားတဲ့ ဘတ်ဂျက်နဲ့ အတွေ့အကြုံပေါ် တည်ပါတယ်။ ပုလိပ်အဖွဲ့က သူတို့အဖွဲ့အစည်းကို ဂုဏ်ယူပြီး ခပ်ကြွားကြွားလေးပြောတာ ရှိပါတယ်။ သူတို့စက်ရုံက ထုတ်လုပ်လိုက်တဲ့ပစ္စည်းရဲ့ (၉၀%) က အရည်အသွေး မမှီရင်တောင် ကွန်မြူနစ်ယန္တယားထဲမှာ စစ်တပ်နဲ့ ပါတီထက် သာသေးတယ်တဲ့။ ဒါ မှန်ပါတယ်။

မကြာသေးခင်ကလေးကတင် အစိုးရ၀န်ထမ်း အလိုတော်ရိ ဒါဇင်အတော်များများကို သမ္ဗာန်စာ မှားဆင့်ပြီး၊ ၀ါဆော ပုလိပ်ဌာနချုပ်ကို ခေါ်ခဲ့မိပါသေးတယ်။ ပုလိပ်အဖွဲ့ အလုပ်လုပ်နေတာဟာ ဆွစ်ဇာလန်လုပ် နာရီတလုံးလို မဟုတ်ပါဘူး။ ဆိုဗီယက်ဗျူရိုကရက် ယန္တယားအတိုင်း လုပ်နေတာပါ။

မြေအောက် ‘သွေးစည်းညီညွတ်ရေးအဖွဲ့’ က ဒဏ်ရာရထားတဲ့ Jan Narolhiale ဂျန်နာရိုဟေး ကို ဆေးရုံက ခိုးထုတ်သွားတဲ့အခါ ပုလိပ်က လွန်ခဲ့တဲ့ (၂)နှစ် (၁၉၈၀)က သူ့ဆီက ဖမ်းမိထားတဲ့ လိပ်စာစာအုပ်ကို အခြေခံပြီး လိုက်ပါတယ်။ ဒါကိုကြည့်ရင် သူတို့ဟာ စနစ်တကျ ဖွဲ့စည်းထားတယ်။ အရာအားလုံးကို မော်ကွန်းတင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။

အန္တရာယ် အချက်ပေးခေါင်းလောင်းသံကြားရင် ဂမူးရူးဒိုးမဖြစ်ပါနဲ့။ အန္တရာယ်ကို သေချာတွက်ပါ။ တယောက် ယောက်ကို ‘ပုလိပ်သတင်းပေး’ လို့ မသင်္ကာရင် သူ့ကို လျို့ဝှက်လုပ်ငန်းတွေထဲ မပါစေပဲ ကင်းကွာအောင်ထားပါ။ ခုလို ကန့်သတ်ထားတာကို ကြာကြာလုပ်ဖို့လိုပါတယ်။ ပုလိပ် အလုပ်လုပ်တာ နှေးလို့ပါ။

အမြီး The tail
လျို့ဝှက်ပုလိပ်က သင့်ကို နောက်ယောင်ခံလိုက်ဖို့ နည်းများစွာ ရှိပါတယ်။ တခါတရံ မသိသာဘူး။ သင့်ကားကို နောက်ယောင်ခံကိရိယာတပ်ပြီး အဝေးကလိုက်မယ်။ ဒါမှမဟုတ် သင့်အိမ်ကို စောင့်ကြည့်နေမယ်။ တခါတရံတော့ ဗြောင်ကျကျပဲ နောက်ယောင်ခံလိုက်ပြီး၊ အနှောက်အယှက် ပေးလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ တခုထဲပဲ။ သင့် မြေအောက်လုပ်ငန်းကို အနှောက်အယှက်ဖြစ်အောင် လှုပ်ရှားမှုကို ကန့်သတ်ဖို့နဲ့ နေရာပျောက်အောင် လုပ်ဖို့ပါ။

လျို့ဝှက် နောက်ယောင်ခံလိုက်တာကတော့ သင့်အဆက်အသွယ်တွေအားလုံးကို ခြေရာခံဖို့ပါပဲ။ ယေဘူယျအားဖြင့် ဒီလိုလုပ်ရင် ကား (၃) စီး (၄) စီး၊ လူ (၁၀) ယောက်မှ (၁၂) ယောက် သုံးတတ်ပါတယ်။ လမ်းလျှောက် နေသည်ပဲဖြစ်စေ၊ ဘတ်စ်ကားပေါ်မှာပဲဖြစ်စေ၊ သင့်အရိပ်ဟာ သင့်နောက်ရော ရှေ့မှာပါရှိပါတယ်။ ဗြောင် အနှောက်အယှက်ပေးတာက ကြောက်ရွံ့နေစေဖို့နဲ့ သင့်စိတ်ဓါတ်ကို ဖျက်ဆီးဖို့ပဲ။

မြေအောက်လုပ်ငန်းကို သမားရိုးကျ ပုံသေ လုပ်နေတာဟာ အကျိုးရှိသလိုပဲ အန္တရာယ်လည်း ရှိပါတယ်။ အလုပ်ဒဏ်ကို ခံနိုင်ရည်ရှိစေတယ်။ စိတ်ဖိစီးမှုကို လျော့ကျစေပြီး၊ အန္တရာယ်ကို ရင်ဆိုင်ဖို့ စိတ်ဓါတ်အရ အသင့် ဖြစ်စေတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ အမြဲတမ်း နိုးနိုးကြားကြားဖြစ်အောင် နေနေရတာကြောင့် လူကို ပင်ပန်းနွမ်းနယ်လာ စေတယ်။

ကျနော်တို့မှာ အငြင်းပွားမှုတခုရှိတယ်။ အဲဒါက အရေးကြီးတဲ့ မြေအောက်ခေါင်းဆောင်တွေကိုပဲ ပုလိပ်က နောက်ယောင်ခံလိုက်တာ။ အောက်ခြေက ဘာအန္တရာယ်မှ မရှိပါဘူးဆိုတဲ့ အမြင်ပဲ။ သင်ဟာ အချိန်မရွေး၊ နေရာမရွေး နောက်ယောင်ခံ လိုက်ခံရနိုင်တယ်ဆိုတာကို သတိမမေ့မှသာ သင့်လုံခြုံရေးဟာ စိတ်ချရလိမ့်မယ်။

နောက်ယောင်ခံအလိုက်ခံရပြီဆိုတာနဲ့ သင် ပထမဆုံး လုပ်ရမယ့်အလုပ်က အဲဒီ အမြီးကို ခါချပစ်လိုက်ဖို့ပဲ။ သဘာဝကျကျလုပ်နိုင်လေ ကောင်းလေပဲ။ နောက်ယောင်ခံ အလိုက်ခံနေရပြီဆိုတာကို သင် သိတဲ့အကြောင်း သူတို့ မသိပါစေနဲ့။

ဒီနည်းနဲ့မရရင် လှည့်ဖျားတဲ့နည်းကိုသုံးပါ။ ဂိတ်ပေါက်တွေအများကြီးရှိတဲ့ဝန်းထဲ ၀င်သွားပါ။ အပေါက်တွေ အများကြီးရှိတဲ့ ရှုတ်ထွေးတဲ့စင်္ကြန်တွေရှိတဲ့ အဆောက်အဦထဲ ၀င်သွားပါ။ တံတားပေါ်က ဖြတ်ပြေးပါ။ ဘတ်စ်ကားကို အဆင့်ဆင့် ပြောင်းစီးပါ။
(ဒီအချိန်မှာ) သင့်ရဲ့ပထမဆုံးအတွေးက ဒီလိုဖြစ်သင့်တယ်။ “ငါကတော့အဖမ်း ခံရတော့မယ် (ဘယ်လောက် ကြာမယ်ဆိုတာ ဘယ်သူမှမသိနိုင်)။ ဒါပေမယ့် ဒီအစဟာ ငါ့မှာပဲအဆုံးသတ်ရမယ်” ပုလိပ်ကို ဘယ်နေရာကိုမှ ခေါ်သွားပြီး ပြမိတာမျိုးမဖြစ်ပါစေနဲ့။ ကားကို တနေရာမှာရပ်ထားခဲ့ရင် သွားပြန်ယူဖို့ မြိကိုးစားပါနဲ့။ သင့်ဓါတ်ပုံ ပုလိပ်ထံမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲဆိုတာကိုတော့ သူတို့မသိပါစေနဲ့။ သင့်ဓါတ်ပုံဟာ ပိုလန်လူမျိုး (၃၆) သန်းထဲက မျက်နှာတခုမျှသာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကားနံပတ်ကတော့ သင်ဘယ်သူလဲဆိုတာ ပြောပြလိမ့်မယ်။

အိုး The pot
(ပုလိပ်ဆင်တဲ့ ထောင်ချောက်) (A trap the police set)
ပုလိပ်က မြေအောက်လုပ်ငန်းသုံး လျို့ဝှက်အိမ် (သို့)ရုံးကို တွေ့ပြီဆိုတာနဲ့ ထောင်ချောက် ဆင်ထားလိုက် လိမ့်မယ်။ ရက်ပေါင်းများစွာ အိမ်ရှေ့က ထိုင်စောင့်နေပြီး။ တံခါးလာခေါက်သူ ဘယ်သူ့ကိုမဆို ဖမ်းလိမ့်မယ်။

ဒီလို မနှစ်မျို့ဖွယ် အလန့်တကြားဖြစ်ရမှုကို ရှောင်ရှားဖို့ ရိုးရှင်းတဲ့၊ မသိသာတဲ့၊ အချက်ပေးစနစ် သုံးပြီး၊ တစုံတခုဖြစ်နေပြီဆိုတာကို အခြားသူတွေကို အလွယ်တကူ သတိ ပေးနိုင်ပါတယ်။ အိမ်ရှိရာကို ချဉ်းကပ်လာတာနဲ့ ၀င်းထဲမှာဖြစ်စေ၊ အ၀င်ဝမှာဖြစ်စေ၊ အိမ် တံခါးဝမှာဖြစ်စေ၊ တခုခုနဲ့အချက်ပြပြီး သတိပေးနိုင်ပါတယ်။ အိမ်ဟာ အားလုံးကို တံခါးဖွင့်ထားတယ်ဆိုရင် အဲဒီထဲမှာ ပုလိပ်လည်းပါတယ်ဆိုတာ မမေ့ပါနဲ့။

စီးနင်းခြင်း Busted
ရန်သူကစီးနင်းမှုကို သင် မမျှော်လင့်ဆုံး အချိန်မှာ လုပ်လေ့ရှိတယ်။ ဒီအချိန်မှာ အကောင်းဆုံးကတော့ ကွန်မြူနစ်တွေရဲ့ လူဖမ်းစာရင်းမှာ ငါဟာ ပထမဆုံးလည်းမဟုတ်၊ နောက်ဆုံးလည်းမဟုတ်ဆိုတာ သင့်ကိုယ်သင် သတိပေးနေဖို့ပါပဲ။ Alexander Solzenicsyn အဲလက်ဇင်းဒါး ဆိုဇင်နစ်ဇင် ရဲ့ “The Gulag Archipelago” ကို ကြည့်ပါ။

အဖမ်းခံရရင် ဘယ်လောက်ပဲယုတ္တိမရှိတဲ့ ရူးသွပ်တဲ့ဟာဖြစ်ပါစေ၊ အခင်းဖြစ်ချိန်က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ သက်သေပြဖို့ အဆင်သင့်လုပ်ထားပါ။ သဘောတရား အနေနဲ့တော့ ပုလိပ်နဲ့ ဆက်ဆံတဲ့အခါ အကောင်းဆုံးက ဆိတ်ဆိတ်နေဖို့ပါပဲ။ ဒါပေမယ့် တခါတရံတော့ သူတို့ကို တစုံတခုပြောလိုက်တာ ပိုကောင်းပါတယ်။ ပုလိပ်က သင်ဘယ်သူလဲဆိုတာနဲ့ သူတို့ရှာတွေ့တဲ့ပစ္စည်း ဘာဆိုတာ သိချင်မှသိမယ်။ ဒီလိုအခြေအနေမှာ သူတို့ ဖမ်းမိသူဟာ တကယ့် မြေအောက် တော်လှန်ရေးသမားတယောက်ပါလား ဆိုတာ ဘယ်လိုနည်းနဲ့မှ သိမသွားပါစေနဲ့။

ဖမ်းမိပြီး သင်ဟာ သူတို့ကို ဒူးထောက်မည့်သူ မဟုတ်မှန်းသိတာနဲ့ ကြွက်တွေက သင့်ကို စိတ္တဗေဒအရ ဖိအားပေးတာကို ရပ်လိုက်လိမ့်မယ်။ အကျဉ်းသားဆီက သူတို့လိုချင်တာ ညှစ်ထုတ်လို့ မရဘူးဆိုတာ သိတာနဲ့ ညှဉ်းပမ်းတာကို ရပ်လိုက်လိမ့်မယ်။ သံန္နိဋ္ဌာန်ပိုင်းဖြတ်ချက်ရှိပြီး၊ ဘာမျှမပြောပဲ ရေငုံနှုတ်ပိတ်နေခဲ့တဲ့သူတွေရဲ့ စာရင်းရှည်ကြီး အတိတ်ကအတွေ့အကြုံအရ ရှိခဲ့ဖူးပါတယ်။ ဒီလို လူတွေကို ဖော်ကောင်လုပ်သူ တွေထက်တောင် စောစောလွှတ်လိုက်တာကို ကြုံဖူးပါတယ်။

အကျဉ်းထောင်ထဲရောက်ပြီဆိုတာနဲ့ ပြင်ပက ဘ၀ကို မေ့ပစ်လိုက်ပါ။ ဒီအရာတွေ အားလုံးကို သင်ဆုံးရှုံးခဲ့ပြီ။ အကျဉ်းထောင်ထဲရောက်တာနဲ့ သင့်ဂုဏ်သိက္ခာနဲ့ လူသားသဘာဝအပေါ် သင့်ယုံကြည်ချက်ကို စစ်ဆေးတဲ့ အခက်ခဲဆုံး စာမေးပွဲစပါပြီ။

အကျဉ်းထောင်တွင်းဘ၀ Prison life
လူသားအားလုံးနဲ့ အဆက်ဖြတ်ခံထားရပြီး၊ အခြား အကျဉ်းသားတဦးတလေနဲ့ စကားလေးပြောမိရုံနဲ့ အပြစ်ပေးခံရတဲ့ အကျဉ်းခန်းလေးထဲမှာ တယောက်ထဲ အထီးကျန် နေရရင်တောင်မှ အကျဉ်းထောင်ဝါဒါတွေရဲ့ ဦးနှောက်ဆေးမခံရအောင်နဲ့ မိမိရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အင်အားကို မိမိရဲ့ မှတ်ဉာဏ်ထဲမှာ ရှာတွေ့နိုင်ပါတယ်။ လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေတဲ့ ရဲဘော်များအပေါ် ယုံကြည်စိတ်ထားပါ။

နောက်တခုက အကျဉ်းထောင်တံခါးဝကို ဖြတ်ပြီးဝင်လိုက်တာနဲ့ အရာရာ နိဂုံးချုပ်သွားပြီလို့ မစဉ်းစားပါနဲ့။ အရာရာဟာ ခုမှအသစ်စတာပါ။ အခုထိတော့ ဒီအယူအဆနှစ်ခုစလုံးက မှန်ဆဲပါပဲ။ ဘ၀မှာ လေ့လာသင်ယူခဲ့ရတဲ့ အခြား အရာတွေလိုပဲ၊ အကျဉ်းထောင်တွင်း ဘယ်လိုရှင်သန်အောင်နေထိုင်ရမယ်ဆိုတဲ့ အရာဟာလည်း သင်ယူရမယ့် အရာတခုပဲ။ သင် ပြင်ပမှာ သိခဲ့တဲ့သူတဦးဟာ အလုပ်မှာသော်လည်းကောင်း၊ လူမှုရေးအရလည်းကောင်း၊ တိုက်ပွဲအတွင်းမှာ သော်လည်းကောင်း အတော်ဆုံးရဲဘော်တဦး ဖြစ်ခဲ့ပေမယ့် ထောင်တွင်းရောက်တဲ့အခါ အလွန် ပျင်းစရာကောင်းတဲ့ အခန်းဖေါ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
အကျဉ်းထောင်ဆိုတာ လူ့လောကအငယ်စားလေးပါပဲ။ အကျဉ်းထောင်တွင်းဘ၀က အကျဉ်းသားတိုင်းကို စိတ်ခံစားမှုကို ထိန်းချုပ်ဖို့၊ ပရိယာယ်ရှိဖို့၊ အလွန်အကျွံ မဖြစ်ဖို့၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်ဖို့ လိုအပ်တယ်ဆိုတာ တောင်းဆိုနေမယ်။ ဒါမှ စိတ်ခံစားမှု လျှံထွက်ပြီး၊ ရေဆူမှတ်မရောက်မှာ။ ငြိမ်ငြိမ်လေးထိုင်တတ်ဖို့နဲ့၊ ကိုယ့် ပုဂ္ဂလိက ခံစားမှုက အခြားသူတွေကို အနှောက်အယှက်မဖြစ်ဖို့ သင်ယူရမယ်။ နေ့စဉ် အချိန်ဇယားဆွဲပြီး အဲဒီအတိုင်း လိုက်နာရမယ်။

မိမိအတွင်းစိတ်ကို တည်ငြိမ်အောင် ထိမ်းထားနိုင်ဖို့၊ တံတိုင်းခြားထားနိုင်ဖို့၊ အရေးကြီးတယ်။ ဒါမှ အကျဉ်းထောင်ရဲ့ စည်းကမ်းတွေကို ကျော်လွှားရင်ဆိုင်နိုင်မှာ။ ထောင်ထဲမှာ ဘယ်သူ့ကိုမှ မယုံရပါလားဆိုတဲ့ အမှန်တရားကိုလည်း ရင်ဆိုင်နားလည်နိုင်လာလိမ့်မယ်။ အကျဉ်းထောင်တွင်း စိတ်ဖိစီးမှုကိုပြေစေဖို့ဆိုပြီး မိမိခံစားချက်ကို ဖွင့်ပြမယ့်စာမျိုး မိသားစုဆီ မရေးပါနဲ့။ အလားတူပဲ တစုံတဦးရဲ့ ကျန်းမာရေးနဲ့အခက်အခဲကို စိုးရိမ်ပူပန်ကြောင်းဆိုတဲ့ စာမျိုးလည်း မရေးပါနဲ့။ သင့်စာတွေကို အကျဉ်းထောင်ဆင်ဆာအဖွဲ့ကသာ ဖတ်နေတာမဟုတ်ဘူး။ သင့်အမှုစစ် ပုလိပ် စုံထောက်ကလည်း ဖတ်နေတယ်ဆိုတာ မမေ့ပါနဲ့။ သင့်ကို ဘယ်လိုကျိုးသွားအောင် လုပ်ရမယ်ဆိုတာရှာဖို့က သူ့အလုပ်ပဲ။

No comments:

Post a Comment