Wednesday, March 4, 2009

The Little Conspirator ပုန်ကန်သူလေး၊ အပိုင်း ၃/၄။

နာကျင်ခြင်း Pain
လူတွေဟာသူတို့ဘ၀မှာ အကြောက်ဆုံး နှစ်ခုပဲရှိတယ်။ တခုက နာကျင်ခြင်းနဲ့ ထွက်ပေါက်မဲ့သွားခြင်းတို့ပဲ။ ဒီနှစ်ခုလုံးဟာ အထီးကျန်ဖြစ်ခြင်းကလာတာ။ လူလူချင်း ဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်တဲ့အရာပဲ။ ရိုးရှင်းတဲ့ ခန္ဓာကိုယ် နာကျင်မှုကို အလွယ်တကူ စဉ်းစားကြည့်လို့ရနိုင်တယ်။ ဒါကို လူတိုင်းကြုံဖူးပါတယ်။ အရိုးကျိုးတုန်းကဖြစ်ဖြစ်၊ သွားစိုက် ဆရာဝန်ဆီတုန်းကဖြစ်ဖြစ်၊ ခွဲစိတ်ခံရတုံးကဖြစ်ဖြစ် ကြုံဖူးကြတာပဲ။

အကျဉ်းထောင်ထဲမှာကြုံရတဲ့ နာကျင်ခြင်းက ဒါနဲ့ ခြားနားတယ်။ နာကျင်ခြင်း ပထမတမျိုးက ကိုယ်ကမစိုးပိုင်တဲ့၊ မတားဆီးနိုင်တဲ့၊ ကံကြမ္မာကပေးတဲ့နာကျင်ခြင်း။ ဒုတိယတမျိုးဖြစ်တဲ့ အပြစ်ပေးခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ညှဉ်းပန်းခံရခြင်း၊ လူ့သိက္ခာ ညှိုးနွမ်းအောင်လုပ်ခံရခြင်း (ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဘာဖြစ်နေမှန်း မသိတော့အောင်) ထွက်ပေါက်မဲ့သွားခြင်း… စတဲ့ ထောင်ထဲမှာ ကြုံတွေ့ရတဲ့ နာကျင်ခြင်းကတော့ လွတ်လပ်စွာ (မိမိဖာသာ) ရွေးချယ်ခဲ့တဲ့အရာဖြစ်တယ်။ လူတယောက်ဟာ အကျဉ်းထောင်ထဲမှာ သူခံစားနေရတဲ့ နာကျင်ခြင်းကို သက်သာအောင် ဖော်ဖို့ ဆုံးဖြတ်ခဲ့ရင် ဒါဟာ အသိရှိစွာ ဆုံးဖြတ်တာပဲ။ သူလုပ်စရာလိုတာက သိသမျှကို အသာလေး ဖော်ပြောလိုက်ဖို့ပါပဲ။

လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့အခါ၊ လက်သဲခွံအခွါခံရတဲ့အခါ ဘယ်သူမဆို ဦးကျိုးသွားနိုင်ပါတယ်။ ဒီလို ကျိုးသွားသူကို ကရုဏာတရားကြောင့်ပင် ဆိုစေဦးတော့ ခွင့်လွှတ်ပါတယ်လို့ အလွယ်တကူ မပြောသင့်ဘူး။ ကံဆိုးချင်တော့ လျို့ဝှက်ပုလိပ်အရာရှိက ယဉ်ယဉ်ကျေးကျေး စကားပြောပြီဆိုရင် ကိုယ်သိသမျှ အကုန်အန်ချတဲ့ သူကလည်း အများသား။ ဒီလူတွေဟာ လှုပ်ရှားမှုကို သစ္စာဖောက်ရုံသာမဟုတ်၊ မိမိကိုယ်မိမိနဲ့ မိမိရဲ့ယုံကြည်ချက်ကိုပါ သစ္စာ ဖောက်ကြသူတွေဖြစ်တယ်။

ဒီလိုလူမျိုးဟာ နောက်ပိုင်းမှာ သူတို့လုပ်ခဲ့သမျှမှန်ကြောင်း ဆင်ခြေလဲတတ်ကြတယ်။ “ကျနော့်မှာ မိန်းမနဲ့ ကလေးတွေနဲ့ဗျာ” လို့ ပြောကောင်းပြောလိမ့်မယ်။ ဒီအလုပ်ကိုမလုပ်ခင်ကတည်းက ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ သူသိပြီးသား။ မြေအောက်လှုပ်ရှားမှုမှာ ပြည်သူချင်း သွေးစည်းချစ်ကြည်ရေးလုပ်ရတယ်ဆိုတာ ခင်ဗျားလို မိန်းမတွေ၊ ကလေးတွေရှိတဲ့သူတွေနဲ့ လုပ်ရတာပါ။

ဆိုဗီယက်ပုံစံသွင်းခြင်းကို ဆန့်ကျင်ခြင်း Fighting Sovietization
ကွန်မြူနစ်စနစ်ကို တိုက်ဖျက်တယ်ဆိုတာ ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံးပြောရရင် ဆိုဗီယက်ယဉ်ကျေးမှုကို ဆန့်ကျင်တာဖြစ်တယ်။ အရှေ့ (ဥရောပ)မှာ လူတိုင်းဟာ အတိုင်းအတာတခုထိ ဆိုဗီယက်ပုံစံ အသွင်းခံထားရတာပဲ။ ဘယ်သူက မြန်မြန်အသွင်းခံရတယ်၊ ဘယ်သူက နှေးတယ်ဆိုတာပဲ ပြဿနာရှိတယ်။

Bolshevism ဘော်ရှီဗစ်ဝါဒ က ကင်းစင်စေချင်ရင် ဉာဏ်ပညာရှိရမယ်။ ဖန်တီးနိုင်စွမ်း ရှိရမယ်။ ပြောင်းလဲနေတဲ့ အခြေအနေနဲ့အညီ တုန့်ပြန်ဆောင်ရွက်နိုင်စွမ်းရှိရမယ်။ ဆိုဗီယက်ဝါဒကို သစ္စာဖောက်ရမယ်။ (J. Kachersarbi ၏ From White to Red Czarism “အဖြူရောင်ဇာစနစ်မှ အနီရောင်ဇာစနစ် သို့” ကိုကြည့်ပါ။)

ရန်သူကို လျှော့မတွက်ပါနဲ့။ သူတို့ရဲ့ ရှေးရိုးကျခြင်းနဲ့ရက်စက်မှုက သူတို့ရဲ့ရူးသွပ်မိုက်မဲမှုကိုပြတာမဟုတ်ဘူး။ ပိုလိန်လျို့ဝှက်ပုလိပ်တပ်ဖွဲ့ UB ဟာ ဆိုဗီယက် KGB ရဲ့ ညီငယ်ပါ။ ကွန်မြူနစ် ဗျူရိုကရက်ယန္တယားဟာ အားနည်းချက်နဲ့ အားသာချက်နှစ်ရပ်လုံးရဲ့ ဗဟိုချက်မပဲ။

ကျနော်တို့က တီထွင်ဖန်တီးနိုင်သူများဖြစ်ရင် ယဉ်ကျေးမှုနယ်ပယ်မှာ ဒီအရာတွေကို ကျော်လွှားနိုင်ပါတယ်။ ပုန်ကန်ဖို့အတွက် နည်းလမ်းသစ်တွေကို အမြဲရှာနေရမယ်။ အနီတွေကို အလစ်အငိုက်မှာ ခြုံခိုတိုက်ရမယ်။ သူတို့ကို ပညာသုံးပြီး ရင်ဆိုင်နိုင်ပါတယ်။
ဒါမျိုးကို ဗိုလ်ချုပ်ကြီးဇာရူဇဲစကီးနဲ့ ပိုလန်ပြည်သူတွေရဲ့ တိုက်ပွဲအမှာ တစုံတဦးက သပ်သပ်ရပ်ရပ် လုပ်သွားဖူးပါတယ်။ သူက သွေးစည်းညီညွတ်ရေးအဖွဲ့ကို ဖိနှိပ်တာတွေရပ်ဖို့ အမိန့်အတုတွေ ထုတ်ခဲ့တယ်။ ကြီးမားလှတဲ့ ဆိုဗီယက်ယန္တယားကြီးကို သဲမှုန်လေးတပွင့်က ရပ်သွားအောင် လုပ်နိုင်ခဲ့တယ်။

ကြောက်ရွံ့ခြင်း Fear
ပိုလန်ပြည်နဲ့ ဇာရူဇဲစကီးတို့အကြား ဆင်နွှဲနေတဲ့စစ်ပွဲမှာပြခဲ့တာကတော့ ‘သွေးစည်းရေး’ တံဆိပ်ကို ထိုးထားဖို့နဲ့ တခြားသူများနဲ့ အမှန်တကယ် ချစ်ကြည်ဖို့လိုကြောင်း ပါပဲ။ တစုံတယောက်က သင့်အား သူ့အိမ်ကို ချကွက်သေအဖြစ်သုံးဖို့ပြောတဲ့ တချိန်တည်း “ဘယ်လောက်ကြာမှာလဲ” လို့ မေးလိမ့်မယ်။ ဒါဆိုရင် သူဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း စိတ်ဓါတ်ပျက်ပြားစ ပြုလာတော့မယ်ဆိုတာ သေချာနေပြီ။

နည်းနည်းလေးကြာလာတာနဲ့ ကျနော့်အိမ်တော့ စောင့်ကြည့်ခံနေရပြီ။ ကျနော့် အိမ်နားမှာလည်း မသင်္ကာစရာလူတွေ အများကြီးပဲလို့ တီးတိုးတီးတိုး ပြောတော့မယ်။ ဒီလိုလူမျိုးက “ကျနော်တော့ ကြောက်နေပြီဗျာ။ ဆက်မလုပ်ချင်တော့ဘူး” လို့ဗြောင် ပြောမှာမဟုတ်ဘူး။ မြေအောက်လုပ်ငန်းကိုလုပ်ဖို့ ကြောက်ဒူးတုန်နေတဲ့ ဒီလိုလူမျိုးက သူ့ သူရဲဘောကြောင်မှုကို ဖုံးကွယ်ဖို့ သူများကိုအပြစ်ပြောလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကို ‘သူခိုး-ပုလိပ်’ ကစားနေကြတာလို့ စွပ်စွဲလိမ့်မယ်။ နောက်တမျိုးက ဒီလူတွေဟာ အေးအေးဆေးဆေးထိုင်ပြီး၊ တခုလုံး အခြေအနေကို အကဲဖြတ်ဖို့အချိန်ကလေးတောင် မရှိကြဘူး။ ဒါမှ မဟုတ်လည်း ဒီလူတွေဟာ တညလုံးထိုင် စကားပြောပြီး၊ ပုလိပ်လာဖမ်းမှာကို ထိုင်စောင့်နေကြတာလို့ ပြောလိမ့်မယ်။

ဒီလို တ၀က်တပျက် မျိုးချစ်တွေဟာ တိုင်းပြည်ရဲ့ပါရမီရှင် အညွန့်အဖူးလေးတွေကို ထိန်းသိမ်းထားဖို့ လိုတယ်လို့ မပြောင်းမလဲ အလေးပေးပြောလိမ့်မယ်။ သူတို့ကိုယ် သူတို့လည်း ဒီအစုထဲကလို့ထင်ပြီး အနာဂတ်မှာ အဖနိုင်ငံတော်ဟာ သူတို့မရှိပဲ မရှင်သန်နိုင်ဘူးလို့ မြင်ကြလိမ့်မယ်။ သူတို့ကပြောကြလိမ့်မယ်.. အသင့်တော်ဆုံး တိုက်ပွဲပုံစံက မမြင်နိုင်တဲ့ စိတ်ဓါတ်ရေးအရ ခုခံကာကွယ်မှု…လို့။ (ဆိုလိုတာက တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေကို ထိန်းသိမ်းကာကွယ်ဖို့ပါပဲ။) ဒါမှမဟုတ် မြေအောက်လုပ်ငန်းရဲ့ လိမ်လည်လှည့်ဖျားမှုတွေဟာ ကျင့်ဝတ်အရကြည့်ရင် ရန်သူလို့ မြင်လိမ့်မယ်။ လူတိုင်းဟာ ခုလို ကြောက်ရွံ့မှုတွေကို တန်ပြန်ဖို့ အသင့်ဖြစ်ထားကြရမယ်။ ဒီ ကြောက်ရွံ့မှုက ဖြည်းဖြည်းချင်း ဖြစ်လာတာပါ။

တယောက်ယောက်က အစိုးရနဲ့ပေါင်းသွားတဲ့ နိုင်ငံရေးပြည့်တန်ဆာအလိုတော်ရိတယောက်ကို ခေါင်းတုံးရိတ် ပစ်မယ်လို့ ဟန်ဆောင်ပန်ဆောင် ရက်သတ္တပတ်ပေါင်းများစွာ ပြောလာရင် မယုံပါနဲ၊ တဖက်က သူကလည်း အကြမ်း ဖက်တာကို ဘုရားသခင်က မကြိုက်ဘူးလို့ပြောချင်နေတာပါ။ ကက်သလစ် ဘာသာဝင်ကောင်း တယောက်အနေနဲ့ သူ ဒါမျိုး မလုပ်နိုင်ဘူးတဲ့။
တကယ့် ပုန်ကန်သူစစ်စစ်တွေဟာ ထိတ်လန့်ကြောက်ရွံ့မှုကို ကြုံခဲ့ဖူးခဲ့ကြတာ ချည်းပါပဲ။ ဒါပေမယ့် ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့ထက် အခြားသူတွေနဲ့ သွေးစည်းညီညွတ်မှုကို တည်ဆောက်ပြီး၊ ကြောက်ရွံ့မှုကို ကျော်လွှား နိုင်ဖို့ကြိုးစားကြတယ်။
မြေအောက်လုပ်ငန်းမှာ ကြောက်စရာကောင်းတာက သူရဲဘောကြောင်သူတွေ မဟုတ်ဘူး။ အကြောက်အလန့် မရှိတဲ့သူတွေ။ တော်သေးတာပေါ့ ဒီလိုလူမျိုးကလည်း သိပ် မများလို့။

အချက်ပြများ Signals
(အချက်ပြကို ပို့ပါ။ ညံသံကို မပို့ပါနဲ့) (Send signals, not noises)
အရေးကြီးတာက သင်ဘာလုပ်နိုင်တယ်ဆိုတာ တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း သတ်မှတ် ထားဖို့ပါပဲ။ ဦး‘က’၊ ဦး‘ခ’၊ ဦး‘ဂ’တို့နဲ့ စကားပြောနေရင်း သူတို့ထဲမှာ ဘယ်သူက အကြီးအကဲဆိုတာ၊ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာ၊ သူတို့ဖာသာသူတို့ မဆုံးဖြတ်နိုင်ဘူးဆိုတာသိလာရင် ဘာမှဆက်မလုပ်တာ အကောင်းဆုံးပါပဲ။ အဲဒီလို အခြေအနေမျိုး မှာတော့ ‘ကိုယ်မသိတာကို မဖော်နိုင်’ ဆိုတဲ့ ဥပဒေသကို လိုက်နာရင် မှားလိမ့်မယ်။ ဒီလိုလုပ်ရင် နားလည်မှု လွဲမှားတဲ့ အန္တရာယ်ရှိတယ်။ သင့်ကိုသင်ရော အခြားသူများကိုပါ လှည့်ဖျားရာရောက်လိမ့်မယ်။ လေထဲမှာ တိုက်အိမ် မဆောက်ပါနဲ့။ Kazimierz Brandy ရဲ့ Rondo ကိုကြည့်ပါ။
နောက်ပြဿနာတခုက လုံခြုံရေးအကြောင်းပြချက်နဲ့ သတင်းလိုမဟုတ်ပဲ ညံသံတွေ ပို့မိတာပါပဲ။ သတင်းတွေဟာ တိုရမယ်၊ ဇဝေဇ၀ါမဖြစ်စေရဘူး။ အထူးသဖြင့် လုံခြုံရေးနဲ့ဆိုင်ရင်ပေါ့။ ဒီလိုမဟုတ်ရင် ဒီသတင်းတွေကို ရှင်းအောင်လုပ်နေရတာ အချိန်နဲ့ဂွင်းဆက်တွေ ကုန်လိမ့်မယ်။

ဥပမာ..“လျို့ဝှက်ပုလိပ်အဖွဲ့က ဦး‘က’အကြောင်း အကုန်သိနေသည်” ဆိုတဲ့သတင်းမျိုးဟာ တန်ဖိုးမရှိပါဘူး။ ဘာကိုမှ ပြောမပြနိုင်ပါဘူး။ ဦး‘က’ အတွက်သာ အလုပ်လုပ်ရတာ ပိုအခက်အခဲ တွေ့စေပါလိမ့်မယ်။

စိတ္တဇများ Manias
ကျိုးကြောင်းမဆီလျော်တဲ့ ကြောက်ရွံ့မှုပုံစံမျိုးစုံကို တနည်းအားဖြင့် စိတ္တဇတွေကို မြေအောက်လုပ်ငန်း သက်တမ်းမှာ ကြုံရတတ်ပါတယ်။ လျို့ဝှက်ပုလိပ်ရဲ့ စောင့်ကြည့်ခံရတာကို ကြောက်တာရယ်။ အထင်ကြီးလွန်း တာရယ်တို့က ပေါ်လာတဲ့ အ၀ိုင်းခံနေရပြီလို့ထင်တဲ့(မလုံခြုံတဲ့) စိတ်ဟာ စိတ္တဇပါပဲ။ အလားတူ ကြောက်စရာကောင်း တဲ့နောက်စိတ္တဇက နှိပ်စက်ညှဉ်းပန်းခံရမှာကို ကြောက်တဲ့စိတ်ပါ။ ဒါလည်း အခုလို အစမ်းသပ်ခံနေရတဲ့ ကာလမျိုးမှာ နားလည်နိုင်ပါတယ်။

အလားတူ ကြုံရတတ်တဲ့ နောက်အစွဲက အရာအားလုံးကို ရန်စတာလို့ချည်း မြင်နေတာပါ။ ထောင်ထဲမှာမရှိပဲ အပြင်မှာလွတ်နေတဲ့သူမှန်သမျှကို အာဏာရှင်တွေက မဖမ်းချင်လို့လွှတ်ထားတာလို့ မြင်တယ်။ ဒီလိုကြောက်ရွံ့မှုမျိုးဟာ ကိုယ့်ကိုယ်ကို ‘သင်း’ ပစ်တာနဲ့ အတူတူပဲ။ ဒီလိုဖြစ်ရင် ပုလိပ်အကူအညီတောင်မလိုပဲ ကျနော်တို့အလုပ်ကို ဖျက်ဆီး တတ်တယ်။
အလွန်ကြီးကျယ်တဲ့ ပုန်ကန်မှုသဘောတရားတွေဟာ အမှန်တရားကိုပုံပျက်ပန်း ပျက်ဖြစ်အောင်လုပ်ထားကြပြီး ဒါတွေကို စိတ္တဇတွေလို့ အမည်ပေးသင့်တယ်။ ဒါမျိုးဟာ နယ်ချဲ့တွေကပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ကွန်မြူနစ်တွေကပဲဖြစ်ဖြစ်၊ ညီအကိုတော်ဂိုဏ်းသား တွေကပဲဖြစ်ဖြစ်၊ ဂျူးတွေကပဲဖြစ်ဖြစ် လုပ်တဲ့ပုန်ကန်မှု အကုန်အကျုံးဝင်တယ်။ ဆိုဗီယက်တွေက ပိုလန်လူမျိုးတွေကို တယောက်နဲ့တယောက် သတ်စေချင်နေကြတာ။ ကွန်မြူနစ်ပါတီကို လျို့ဝှက်ပုလိပ်ကပဲ နောင်မှာ အလျှော့ပေးစေ့စပ်လို့ရအောင် လျော့လျဲလျဲလေး လုပ်ခိုင်းတာ။ ဒီလိုပဲ စစ်တပ်ကလည်း ဘာညာဆိုပြီးပြောတဲ့ ရန်စမှု သဘောတရားအားလုံးဟာ အတူတူပဲ။ အမှန်တရားနဲ့ကင်းကွာတဲ့ အစွဲတွေချည်းပဲ။

ဒီ ပုန်ကန်မှုနဲ့ ရန်စမှုစိတ္တဇတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာကို မလုပ်တာမှန်တယ်လို့ ထင်လာစေတယ်။ “ကျနော်တို့လုပ်သမျှ ကွန်မြူနစ်တွေ အကျိုးရှိဖို့ချည်းဖြစ်နေတော့ ဘာလို့ လုပ်နေဦးမှာလဲဗျာ” ဆိုတာမျိုးပေါ့။ နှိပ်စက်ညှဉ်းပန်းခံရမှာကိုကြောက်တဲ့ စိတ္တဇကတော့ ပိုပြီးအခံရခက်တယ်။ ဒီလိုလူမျိုးဟာ သူ့အဖို့နေရာတကာမှာ လျို့ဝှက်ပုလိပ်ချည်းပဲဖြစ်နေပြီး၊ တပြေးထဲပြေးနေရလို့ပဲ။

သိဖို့လိုသည် Need to know
အတင်းအဖျင်းပြောတဲ့ အိမ်နီးချင်းဟာ ပုလိပ်သတင်းပေးထက် ပိုအန္တရာယ်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားဟောင်း ရှိတယ်။ အတင်းအဖျင်းဆိုတာမျိုးကလည်း သူပြောသမျှအတွက် ဘာမှတာဝန်ယူစရာ မလိုပဲကိုး။ အကျိုးဆက်အနေနဲ့ ပြောရရင် အမြင်ဖလှယ်တဲ့အခါ သင့်ကလာပ်စည်းရဲ့ဖွဲ့စည်းပုံနဲ့ ဘာလုပ်နေတယ်ဆိုတာတွေကို မပြောမိပါစေနဲ့။ ဘယ်လို အကြောင်းကြောင့်နဲ့မှ နာမည်တွေ၊ လိပ်စာတွေကို မပြောပါနဲ့။ အရေးကြီးဆုံးက အရင်းနှီးဆုံးမိတ်ဆွေ မဟုတ်တဲ့သူတွေနဲ့ အာမချောင်ပါနဲ့။

ဆိုရိုးစကားသစ်ကတော့ အကောင်းဆုံးမြေအောက်ရဲဘော်ပင်လျှင် ရေခဲသေတ္တာလိုပဲ တခါတရံတော့ ရေခဲ အရည်ဖျော်ပေးဖို့လိုတယ်တဲ့။ လူတိုင်းဟာ တယောက်ယောက်ကိုတော့ စကားပြောဖို့လိုတယ်။ အရေးကြီးတာက ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်မီးဖိုချောင်ထဲမှာပြောမလဲဆိုတာပါပဲ။ ယုံကြည်စိတ်ချရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာပဲ ပြောပါ။ အခြားအကြောင်းအရာတခုကိုတော့ ဘားခန်းဒေါင့် တနေရာမှာပြောပါ။ တချို့သော လျို့ဝှက်ချက် တွေဟာ အခြားအချက်တွေထက် အရေးကြီးတယ်။ အရေးအကြီးဆုံးက သင့်အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ အခြား မြေအောက်ရဲဘော်တွေရဲ့ အမည်တွေနဲ့ လိပ်စာတွေ ပါပဲ။
ဒါမှ အရေးကြီးတဲ့ပစ္စည်းနဲ့ အဖမ်းခံရရင်တောင် ထောင်ထဲမှာသိပ်မကြာပဲ ပြန်လွတ်လာမယ်။ အဖွဲ့အစည်းထဲမှာ သင်ဘာဆိုတာမပြောနဲ့၊ တိတ်တိတ်နေ၊ သင့်ဟာသင် ဉာဏ်ကို ထိန်းသိမ်း၊ ဒီလိုနေရမယ်။ ဒါ့အပြင် ဒီလိုသန္နိဋ္ဌာန်မျိုးဟာ သင့်မိတ်ဆွေတွေကို ၀မ်းနည်းစရာ ကြမ္မာဆိုးနဲ့မတွေ့အောင် ကယ်တင်နိုင်လိမ့်မယ်။

လွတ်လပ်ရေး Freedom
(၁၉၄၄) မှာ ပိုလန်လူမျိုးတွေနဲ့ အခြားအရှေ့ဥရောပလူမျိုးတွေဟာ တရားဥပဒေ စိုးမိုးမှုရဲ့ အပြင်ဖက်ကို ရောက်သွားတယ်။ အဲဒီအချိန်ကစပြီး တခုတည်းသောပြောင်းလဲမှုက ဥပဒေမဲ့မှုရဲ့အပြင်းအပျော့ပဲ။ ဆိုရှယ်လစ် ဥပဒေ အယူအဆလောက် အားလုံးကို လွှမ်းခြုံထားနိုင်တာ၊ သားရေကွင်းလို အလျော့အတင်း လုပ်နိုင်တာ ဘာမှမရှိဘူး။

(၁၉၈၁) ဒီဇင်္ဘာ (၁၃) ရက်နေ့က မာရှယ်လော ပြဌာန်းလိုက်တာဟာ ကွန်မြူနစ်စနစ်အောက်မှာ ဥပဒေမဲ့မှု ကိုယ်တိုင်က ဥပဒေပြဌာန်းနိုင်တယ်ဆိုတာ နောက်တကြိမ် သက်သေပြလိုက်တာပဲ။ ပိုလန်ပြည်သူ့သမတနိုင်ငံမှာ သေချာတာတခုပဲရှိတယ်။ အဲဒါက လွတ်လပ်ရေးရဲ့ အတိုင်းအတာဟာ ခုခံဆန့်ကျင်ရေးအင်အားစုတွေရဲ့ အင်အား အပေါ်မှာပဲ တည်တယ်ဆိုတာပါပဲ။ ခုခံဆန့်ကျင်ရေး လမ်းပေါ်လျှောက်နေသူ မည်သူမဆို ဒီ အမှန်တရားကို အမြဲ အလွတ်ရနေရမယ်။ မာ့က်စ်ဝါဒီတွေဟာ လွတ်မြောက်ရေးသဘောတရားက ဖမ်းဆီးခြင်းဟာ လိုအပ်တယ်ဆိုတာ လက်ခံတယ်လို့ပြောကြတယ်။ မြေအောက် တော်လှန်ရေးသမားတွေကတော့ ကျနော်တို့ စွမ်းဆောင်နိုင်သလောက်သာ လွတ်လပ်ရေးကိုရမယ်လို့ အသိအမှတ်ပြုကြတယ်။ နိုင်ငံတော်ကခွင့်ပြုသလောက် လွတ်လပ်ရေးနဲ့သာ တင်းတိမ် နေမယ်ဆိုရင် အဲဒါဟာ ကျွန်စနစ် ပုံစံသစ်တခုပဲဖြစ်မယ်။

ကျနော်တို့ဟာ အစကတည်းက လွတ်လပ်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ မစဉ်းစားခဲ့ဘူးဆိုရင်၊ လူသားကိုအခြေခံတဲ့ ကိုယ့်လွတ်လပ်ရေးကို ကိုယ့်ဖာသာ အရယူတာမဟုတ်ခဲ့ရင် အနာဂတ် တချိန်ချိန်မှာ ကွန်မြူနစ်တွေ ရှုံးနိမ့်သွားရင်တောင် ဒီစာအုပ်ငယ်လေးကို ပြန်ဖတ်နေရတာ ကိုယ့်ကိုယ်ကို တွေ့ကြရလိမ့်မယ်။ ဒီတိုက်ပွဲဟာ ကွန်မြူနစ် စနစ်ကိုသာ အနိုင်တိုက်ဖို့မဟုတ်။ ကျနော်တို့ထံမှာ အမြစ်တွယ်နေတဲ့ ကွန်မြူနစ် အယူအဆတွေကိုပါ အနိုင်တိုက်ဖို့ လိုတယ်။

အစပထမတော့ လူတိုင်းပြဿနာနဲ့ ကြုံကြဖူးကြတာချည်းပဲ။ ကနဦး မြေအောက်သတင်းစာကို နေရာစိမ်းမှာ ကိုယ်မသိတဲ့ လူစိမ်းတယောက်ဆီ သွားပို့ရတော့ လူတိုင်း ကြောက်ကြတာချည်းပဲ။ လာယူရတဲ့လူကလည်း ကြောက်တာပဲ။ နှစ်ယောက်လုံးက ဒီအခက်အခဲကို ကျော်လွှားနိုင်လိုက်တဲ့အခါ အကျဉ်းခန်းနှစ်ခန်းကြား ခြားထားတဲ့ တံခါးလေးကို တွန်းဖွင့်လိုက်သလိုပဲ။ နောက်တခန်း၊ နောက်တခန်း.. ဆက်တိုက် ဖွင့်သွားနိုင် တော့တာပဲ။ တယောက်နဲ့တယောက် ပြုံးကြည့်ကြလို့ လွတ်မြောက်ရေးဆိုတာ ယုံကြည်ရမယ့်အရာတခုသာမဟုတ်၊ လက်တွေ့ ကျင့်သုံးရမယ့်အရာလည်းဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။

နိုင်ငံသားနှင့်လျှို့ဝှက်ပုလိပ် The Citizen Vs the Secret Police
သမ္မန်စာ The summons
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အရ “နိုင်ငံသားတဦးဦးကို (တရာရုံး၊ ပုလိပ် ဌာနချုပ်၊ တရားလိုရုံး) ရှေ့မှောက်သို့ လာရောက်ရန်ဆင့်ဆိုသည့် သမ္မန်စာကို ထုတ်ပြန်သည့် အာဏာပိုင်အဖွဲ့ (သို့) အာဏာပိုင်တဦးသည် သတ်မှတ်ထားသောပုံစံကို ပြည့်စုံစွာ ဖြည့်သွင်းရမည်” လို့ ပါရှိပါတယ်။ မကြာခဏပဲ ‘အမှုတွဲအမှတ်’၊ ‘မည်သည့်ပုဂ္ဂိုလ် အဖြစ် ဆင့်ဆိုသည်’ ဆိုတဲ့ နေရာမျိုးတွေမှာ ကွက်လပ်ချန်ထားတာဖြစ်ဖြစ်၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေအတိုင်း အပြည့်အစုံ မရေးသွင်းတာဖြစ်ဖြစ် ကြုံရတတ်တယ်။ အမှုအမှတ်နေရာမှာ ‘အစိုးရအမှု’၊ ‘နိုင်ငံကူးလက်မှတ်အမှု’၊ ‘ရှင်းလင်းချက် တင်ပြရန်’ ဆိုတာလောက်ပဲပါပြီး၊ အမှုအမှတ်မပါတာ တွေ့ရတယ်။ ဒါမှမဟုတ်လည်း ရာဇ၀တ်ကျင့်ထုံးဥပဒေမှာ ကွက်လပ်နေရာမှာ အမှုအမှတ်ကလွဲပြီး၊ ဘာမှ မဖြည့်သွင်းရဘူးလို့ အတိအလင်းဆိုထားတယ်။ ‘မည့်သည့် ပုဂ္ဂိုလ်အဖြစ်’ ဆိုတဲ့ ကွက်လပ်မှာလည်း အောက်ပါပုဂ္ဂိုလ် (၆) ဦးထဲက တမျိုးမျိုးကိုသာ ဖြည့်သွင်းရမယ်လို့ ဆိုထားတယ်။ အဲဒါတွေက.. သက်သေ၊ ပါရဂူ၊ စကားပြန်၊ သင်္ကာမကင်းခြင်းခံသူ၊ စွပ်စွဲခံရသူ၊ တရားခံ.. (၆)မျိုးပါ။ ဒီအချက်တွေထဲက တချက်ချက် သွေဖီရင် သမ္မန်စာထုတ်ဆင့်ခံရသူဟာ သမ္မန်စာကို မလိုက်နာပဲ နေနိုင်ပါတယ်။

အာဏာပိုင်က ရာဇ၀တ်ကျင့်ထုံးဥပဒေကို မလိုက်နာရင် သမ္မန်စာလည်း ပျက်ပြယ်ပါတယ်။ ဥပဒေအရ ဒီလို သမ္မန်စာမျိုးကို မလိုက်နာလို့ သင့်ကို အရေးမယူနိုင်ပါ။ လူတော်တော်များများက ဒီလိုသမ္မန်စာမျိုးဟာ မလိုက်နာပဲ နေလို့ရတယ်ဆိုတာ သိထားတာတောင်မှ ပုလိပ်နဲ့ပြဿနာမဖြစ်ချင်လို့ဆိုပြီး၊ ပုလိပ်ဌာနချုပ်ကို သွားကြတယ်။ ဒီလို အကြောင်းပြချက်မျိုးဟာ မခိုင်လုံပါဘူး။ ဒါဟာ နောင်မှာ ပုလိပ်ကို ဥပဒေအတိုင်း မလိုက်နာဖို့ လမ်းခင်းပေးလိုက်တာပဲ။ တယောက်ယောက်က သူ့နာမည်၊ သူ့အိမ်လိပ်စာတပ်ပြီး သမ္မန်စာတစောင်လက်ခံရပြီဆိုရင် “ပုလိပ်ကျနော့်ကို မျက်စိကျလာမှာ မလိုလားဘူးဗျာ” လို့ ပြောတာဟာ အဓိပ္ပါယ်မရှိပါဘူး။

ထုံးနည်းမကျတဲ့သမ္မန်စာကို ‘မြင့်မြတ်တဲ့ငြိမ်းချမ်းရေး’ အတွက် ပုလိပ်နဲ့ဆက်ဆံရေး ကောင်းနေစေချင်တာ အတွက်ဆိုပြီး လိုက်လျောလိုက်ရင်၊ ဒီလူဟာ အနှေးနဲ့အမြန်ဆိုသလို ပုလိပ်နဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောတာ ခံရဖို့သေချာနေပြီ။
ဒီလို နည်းလမ်းမကျတဲ့ သမ္မန်စာတွေဟာ လူသူလေးစားခြင်းခံရတဲ့ နိုင်ငံသားတဦးကို ပုလိပ်သတင်းပေး ဖြစ်အောင်လုပ်ဖို့ လျို့ဝှက်ပုလိပ်ရဲ့ ပထမခြေလှမ်းပဲ။

မကြာခင် ဒီလို ထိတ်လန့်ကြောက်ရွံ့နေတဲ့လူဟာ ပုလိပ်က လက်ဖက်ရည်ဆိုင်တခုမှာ ‘အလွတ်သဘော စကားစမြည်ပြော’ ဖို့ ဖိတ်ခေါ်တာကို လက်ခံတော့မယ်။ ဒီလို စကားစမြည်ပြောဆိုမှုက ဖြစ်နိုင်တာ (၂) ခုပဲရှိတယ်။ ပုလိပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်လိုက်ပြီး၊ ဆွေးနွေးပွဲပျက်သွားတာရယ်။ ပုလိပ်သတင်းပေးလုပ်ဖို့ လက်ခံလိုက်တာရယ်.. ဒီ (၂)ခု တခုခုဖြစ်မှာပဲ။
ငြင်းလိုက်မိရင်တော့ ပုလိပ်ကငြိုငြင်မှာပဲ။ ပုလိပ်က ဘာပဲဖြစ်ဖြစ် သူတို့ကို စကားမပြောချင်သူကို သူတို့ကလည်း စကားမပြောချင်ပါဘူး။ အချိန်ကုန်ရုံပဲ ရှိတယ်။ သူတို့ရှာတာက လူပျော့တွေပါ။ သတင်းညှစ်ထုတ်လို့ ရတဲ့သူတွေ။ အကြပ်ကိုင်လို့ရတဲ့သူတွေကို သူတို့နဲ့ ပူးပေါင်းဖို့ ဆွဲသွင်းတာပဲ။

ဒီလို မခိုင်လုံတဲ့သမ္မန်စာတွေအပြင် အခုလို ရာဇ၀တ်ကျင့်ထုံး ဥပဒေအကြောင်း မသိသူတွေကို အထင်ကြီး အောင်လုပ်ပြီး၊ ဖမ်းစားနိုင်တဲ့နည်းတွေ အများကြီးရှိသေးတယ်။ လျို့ဝှက်ပုလိပ်ရဲ့ ဖိတ်ကြားချက်တွေ၊ သမ္မန်စာတွေ၊ ကမ်းလှမ်းစာတွေ၊ အဆိုပြုချက်တွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ် စုံထောက်တွေကို ပုလိပ်ရုံးမှာပဲဖြစ်ဖြစ်၊ ဘားမှာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် တွေ့ဖို့ချိန်းတတ်တယ်။

ဒီလို ပထမတကြိမ်တွေ့စဉ် ပြတ်ပြတ်သားသား မငြင်းလိုက်ဘူးဆိုရင် အကြိမ်ကြိမ် ဖုံးဆက် ခေါ်လိမ့်မယ်။ ဆိုင်းမပါ ဗုံမဆင့် သင့်အိမ်ကိုဖြစ်ဖြစ်၊ အလုပ်ကို ဖြစ်ဖြစ် ရောက်လာလိမ့်မယ်။ နောက်ထပ် ထပ်တွေ့ဖို့ ချိန်းလိမ့်ဦးမယ်။ အဲဒီအခါကျမှ ရှောင်ဖို့ကြိုးစားရင် အဆက်အစပ်မရှိတဲ့မေးခွန်းတွေကို ‘ရှင်းလင်းဖြေကြားဖို့’ အလွတ်သဘော သမ္မန်စာတွေကို မျှော်လင့်ထားပေတော့။

ဒါက နောက်ထပ်စကားပြောဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားချက်တွေအတွက် အဖုံးအကွယ် လုပ်ထားတာပဲ။ ဒီလို မကြာခဏ အနှောက်အယှက် ပေးခံရဖန်များလာရင် လူဟာ စိတ်ပင်ပန်းလာတယ်။ ‘ငါတော့.. သွားပြီ’ ဆိုတဲ့ စိတ်မျိုး ဖြစ်လာမယ်။ မလိုလားသော ဧည့်သည်တွေကို မလာစေချင်တာနဲ့ စာရွက်တရွက်ကို လက်မှတ်ထိုးလိုက်ရတတ်တယ်။ ဒါက အခုလို သူတို့နဲ့တွေ့တာကို ဘယ်သူမှမပြောပဲ လျို့ဝှက်ထားပါမယ်လို့ ကတိပေးရတာထက်ပိုပြီးဘာမှမဖြစ်နိုင်ဘူး။

ဒီလို လုပ်လိုက်ရလို့ လျို့ဝှက်ပုလိပ်နဲ့ အဆက်အသွယ်တွေ ရပ်ဆိုင်းသွားပြီလို့ မထင်ပါနဲ့။ ဒီလို ကတိဝန်ခံချက်မျိုးကို လက်မှတ်ထိုးလိုက်ရပြီးတာနဲ့ ဒီလိုမလုပ်ရင် ဘယ်လိုဖြစ်သွားနိုင်တယ်လို့ လျို့ဝှက်ပုလိပ်ရဲ့ အမြဲခြိမ်းခြောက်လာတာကို ခံရတော့မယ်။
ဒီလို ကတိဝန်ခံချက်မျိုးကို ပြည်ထဲရေးဝန်ကြီးဌာနရှေ့မှာ ထိုးရတယ်ဆိုရင်တောင် သူ့မှာ ဥပဒေအရ အစွမ်း အာနိသင်မရှိပါဘူး။ အခုလို ပုလိပ်ရဲ့ ကျုံးသွင်းခံရသူတွေ၊ ကတိတွေပေး အကြပ်ကိုင်တာတွေခံရပြီး၊ ထောင်ချောက်ထဲ ကျသွားသူတွေအတွက် အကောင်းဆုံး အကြံဉာဏ်ကတော့ ပြတ်ပြတ်သားသား ငြင်းလိုက်ဖို့ပါပဲ။ ဘာစာရွက်ကိုမှ လက်မှတ်မထိုးပါနဲ့။ စကားပြောသမျှအားလုံးကို မှတ်တမ်းတင်ထားဖို့ တောင်းဆိုပါ။ သင့်မိတ်ဆွေတွေ၊ မြေအောက် ပုံနှိပ်တိုက်က ရဲဘော်တွေကိုလည်း ခုလို ပုလိပ်က လာချဉ်းကပ်ကြောင်း အသိပေးထားပါ။ အစိုးရရှေ့နေရုံးကို တိုင်ကြားစာရေးပါ။

အခုလို ပုလိပ်ကခြိမ်းခြောက် အကြပ်ကိုင်တာ၊ ထောင်ချောက်ဆင် ကျုံးသွင်းတာမှ ရုန်းထွက်ဖို့ တခုတည်းသော သေချာတဲ့နည်းလမ်းက ပုလိပ်ရဲ့ ညစ်ပတ်တဲ့လုပ်ရပ်တွေကို လူသိအောင်လုပ်လိုက်ဖို့ပါပဲ။ ဒါသာလျှင် တဦးချင်း စိတ်တည်ငြိမ်မှုကို ပြန်ရစေလိမ့်မယ်။ ပိုလန်ပြည်မှာ တရားဥပဒေစိုးမိုးမှုရှိစေဖို့ တိုက်ပွဲဆင်နိုင်စေလိမ့်မယ်။

ထိန်းသိမ်းခံရခြင်း Detention
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၂၀၆)၊ အပိုဒ် (၁) က ဒီလိုဆိုပါတယ်။ “ပြည်သူ့စစ်အဖွဲ့သည် မသင်္ကာသူတဦးကို အပြစ်ကျူးလွန်ခဲ့သည်ဟုလည်းကောင်း၊ ထွက်ပြေး ပုန်းရှောင်ဖွယ်ရှိသည်ဟုလည်းကောင်း၊ သက်သေခံပစ္စည်းများကို ဖျက်ဆီးမည်ဟုလည်းကောင်း ယုံကြည်လောက်သောအကြောင်းရှိလျှင် ထိုသူကို ထိန်းသိမ်းထားနိုင်ခွင့်ရှိသည်။ ထိန်းသိမ်းရန်ရည်ရွယ်သည့်ကာလကို ရေးသားဖော်ပြရမည်။” ဆိုလိုတာက ပုလိပ်ကသာ မသင်္ကာသူတဦးကို ပြစ်မှု ကျူးလွန်သည်ဟု ယုံကြည်လောက်သောအကြောင်းရှိလျှင် ထိန်းသိမ်းထားနိုင်တယ်ဆိုတာပါပဲ။

ဒါက သဘောတရားသက်သက်မျှသာပဲ၊ လက်တွေ့မှာ ပုလိပ်ဖက်က လိုသလို အဓိပ္ပါယ်ဖွင့်ခွင့်တွေ ပေးပြီး၊ ဘက်လိုက်ထားတယ်။ အကျိုးဆက်ကတော့ ပိုလန်ပြည်သူ့သမတနိုင်ငံရဲ့ နိုင်ငံသားတဦးကို စွဲချက်မတင်ပဲ (၄၈) နာရီ အထိ ဖမ်းချုပ်ထားနိုင်ပါတယ်။
ဒီလို ကြိုတင်ကာကွယ်တဲ့ ထိန်းသိမ်းမှုရဲ့ ရည်ရွယ်ချက်က မသင်္ကာသူတဦးကို ပျော့သွားအောင် လုပ်ဖို့ပဲ။ ဦးကျိုးသွားအောင်လုပ်ဖို့ပဲ။ ပုလိပ်က သင်္ကာကင်းခံရသူကို ခင်ဗျားဟာ နှစ်ရှည်လများ အကျဉ်းကျသွားဖို့ လက်တကမ်းပဲ လိုတယ်ဆိုတာ သိစေချင်တယ်။ အစိုးရရှေ့နေလက်ထဲ အမှုရောက်မသွားဖို့ ကယ်တင်နိုင်သူဟာလည်း သူတို့ပဲဖြစ်တယ် ဆိုတာ သိစေချင်တယ်။

ဘာပဲဖြစ်ဖြစ် သင်္ကာမကင်းခံရသူက စကားပြောလာပြီး၊ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လာပြီဆိုရင်၊ ကြိုတင် ကာကွယ်တဲ့ ထိန်းသိမ်းမှုကာလ အကန့်အသတ် (၄၈) နာရီ မကျော်ခင် လွှတ်ပစ်နိုင်တယ်။

The MO or SB (People's Militia, Secret Police) ပြည်သူ့စစ်ကပဲဖြစ်ဖြစ်၊ လျို့ဝှက်ပုလိပ်ကပဲဖြစ်ဖြစ် မသင်္ကာသူတယောက်ကို လွှတ်ပစ်နိုင်တဲ့ အာဏာရှိတယ်။ ဒါပေမယ့် (၄၈)နာရီအတွင်း လွှတ်ပစ်ရမယ်။ (၄၈)နာရီ ကျော်ရင် အစိုးရရှေ့နေဆီ အမှုကို လွှဲပြောင်းပေးရမယ်။

လက်တွေ့မှာတော့ မာရှယ်လောကြေညာပြီးကတည်းက ဒီအချိန်ကာလဟာ အကန့်အသတ် မရှိတော့ဘူး။ ထိန်းသိမ်းတယ် မခေါ်တော့ပဲ တားဆီးထားတယ်လို့ပဲ ပြောတော့တယ်။ ပုလိပ်က ကျနော်တို့ အယူအဆတွေနဲ့ နေပုံထိုင်ပုံတွေကို မကြိက်ရင် ကျနော်တို့အားလုံး အချိန်မရွေး ကိုယ့်နိုင်ငံထဲမှာပဲ စစ်သုံ့ပန်းဖြစ်သွားနိုင်တယ်။ ဥပဒေအရ ပုလိပ်အရာရှိက လူတဦးတယောက်ကို ထိန်းသိမ်းမယ်ဆိုရင် ဘာကြောင့် ထိန်းသိမ်းတယ်ဆိုတာ ဖော်ပြရမယ်။ တခါတရံတော့ အလွန်အန္တရာယ်ကြီးတဲ့ ရာဇ၀တ်ကောင်နဲ့ ရင်ဆိုင်နေရသလို ဆင်ခြေကန်တတ်တယ်။ “ကျနော့်ကို ဒီလိုလုပ်ခိုင်းလို့ပါ”။ ဒါမှမဟုတ် “ဟေ့ကောင်.. စကားသိပ်မရှည်နဲ့ကွ။ မင်းမျက်နှာကို ထိုးခွဲပစ်လိုက်ရမလား” စသဖြင့်ပေါ့။ ပြန်လွတ်လာရင်တော့ အစိုးရရှေ့နေဆီကို ကန့်ကွက်စာတစောင် ရေးကိုရေးရမယ်။ ဒီလိုကိစ္စတွေမှာ အတော်များများက စာပြန်မလာပေမယ့်၊ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်ကို မှတ်တမ်းတင်ဖို့ လုပ်ကိုလုပ်ရမယ်။

ရှာဖွေခြင်း Searches
ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၁၈၁) အပိုဒ် (၁) အရ ရှာဖွေခွင့်အမိန့်ကို အစိုးရ ရှေ့နေကသော်လည်းကောင်း၊ တရားရုံးကသော်လည်းကောင်း စာနဲ့ရေးသားပြီး ထုတ်ပေးရမယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဆိုစေ အရေးတကြီး ဆောင်ရွက်ရန်လိုအပ်သော အမှုကိစ္စများတွင် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၉၁)၊ အပိုဒ် (၂)အရ ရှာဖွေရန်အမိန့်ကို ပြည်သူ့စစ်တပ်ဖွဲ့တပ်မှူးက ပေးနိုင်သည်။ သို့တည်းမဟုတ် ပုလိပ်အရာရှိက ၄င်းစာရွက်စာတမ်းများကို ပြသပြီး၊ ဆောင်ရွက်နိုင်သည်လို့ ရှိပါသည်။ စာဖြင့် ရေးသားထားသော အတည်ပြုချက်ကို တောင်းခံလာလျှင် အစိုးရရှေ့နေသည် (၇)ရက်အတွင်း ထိုအတည်ပြုချက်ကို ထုတ်ပေးရမည်။ ဤကျင့်ထုံးသည် လူကိုရှာဖွေခြင်း၊ အခန်း၊ အိမ်၊ ကား၊ ကားဂိုထောင်… စသည့်အားလုံးကို ရှာဖွေခြင်းကိစ္စရပ်အားလုံးနှင့် သက်ဆိုင်သည်။

သို့သော် ရာဇ၀တ်ကျင့်ထုံးသည် “အရေးတကြီး ဆောင်ရွက်ရန်လိုအပ်သော အမှုကိစ္စများ” ဆိုသည်နှင့် ပတ်သက်၍၊ ကန့်သတ်မှုကို ရှင်းလင်းတိကျစွာ ဖွင့်ဆိုထားခြင်းမရှိပေ။ အကျိုးဆက်မှာ ပုလိပ်အဖို့ ထိုအမိန့်အာဏာကို အလွဲသုံးစားလုပ်ရန် အခွင့်အရေး ရသွားတာပါပဲ။ တဖန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၈၂)က ရှာဖွေခြင်းကို နံနက် (၆) နာရီမှ ည (၉) နာရီအချိန်အတွင်း စတင်ပြုလုပ်ရမည်လို့ ဖော်ပြထားပြီး၊ ရှာဖွေခြင်းလုပ်ငန်းကို တညလုံး ဆက်လက် ပြုလုပ်နိုင်ပါတယ်။ ‘အရေးပေါ်ကိစ္စရပ်များ’တွင်တော့ နေ့နေ့ညည ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ ဒါက ရာဇ၀တ် ကျင့်ထုံးဥပဒေက ဆိုထားတာကိုပြောတာပါ။ လပေါင်းများစွာ မာရှယ်လောအောက် နေလာခဲ့ရတဲ့ ကျနော်တို့ အားလုံး အဖို့တော့ ပြည်သူ့စစ်ကဖြစ်ဖြစ်၊ လုံထိန်းကဖြစ်ဖြစ်၊ ဘာအကြောင်းပြချက်နဲ့ဖြစ်ဖြစ်၊ ဘာ အကြောင်းပြချက်မှ မပြပဲဖြစ်ဖြစ် ကျနော်တို့အိမ်တွေထဲ အချိန်မရွေး ကျူးကျော်လာတာဟာ အထူးအဆန်း မဟုတ်တော့ပါ။

သူတို့ကတော့ မာရှယ်လောအောက်မှာ ဥပဒေမဲ့မှုကို အခွင့်ကောင်းယူမှာပဲ။ ဒါပေမယ့် ကျနော်တို့က ခုလို ရန်စကျူးကျော်တာကို မကြောက်မလန့်၊ ထိတ်ထိတ်ပျာပျာမဖြစ်ဘဲ တုန့်ပြန်ဖို့လိုတယ်။

ပုလိပ်က သင့်အိမ်တံခါးလာခေါက်ရင် ချက်ချင်း ဖွင့်မပေးလိုက်ပါနဲ့။ စိတ်အေးအေးထားပါ။ ဒါမှ သူတို့ တံခါးကို ဖျက်ပြီးဝင်လာတဲ့အခါ၊ သင့်မှာ အန္တရာယ်ပေးနိုင်မယ့် ပစ္စည်း၊ စာရွက်စာတမ်း၊ လိပ်စာစာအုပ်၊ မြေအောက်သတင်းစာ ဒါမှမဟုတ် သင့်စိတ်ထဲ ပေါ်လာသမျှပစ္စည်းအားလုံးကို ဖျက်ဆီးဖို့ အချိန်ရပြီး ဖြစ်ပါလိမ့်မယ်။ (စာရွက်စာတမ်းတွေကို ဖျက်ဆီးတဲ့အခါ ရေချိုးဇလုံကို အသုံးပြုပါ။ ပြာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ လျို့ဝှက်ပုလိပ်က သင့်အိမ်တံခါးကို ချိုးဖျက်ပြီး ၀င်ပြီဆိုရင် ဒါဟာ မတော်တဆမဟုတ်ပါ။ သင့် လှုပ်ရှားမှုကို တစုံတရာ သူတို့သိပြီးဖြစ်ပါသည်။ သို့သော် ရေချိုးဇလုံထဲတွင် ပြာတွေတွေ့ရုံဖြင့်တော့ သင့်ကို တရားမစွဲနိုင်ပါ။) တံခါးကို ထုရိုက်ပြီး၊ ကျနော် မမျှော်လင့်တဲ့ ဧည့်သည်တွေရောက်လာတာကြောင့် ကြောက်ပြီး၊ သတင်းစာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့တာပါလို့ ပြောရုံပါပဲ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

ရှာဖွေသူအရာရှိဟာ စာဖြင့်ရေးသား မှတ်တမ်းတင်ထားရပါမယ်။ သိမ်းဆည်း ပစ္စည်းအားလုံးကို စာရင်းလုပ် ဖော်ပြရပါမယ်။ ရှာဖွေခံရသူအနေနဲ့လည်း ထိုမှတ်တမ်းမှာ ရှာဖွေသည့်နည်းလမ်း၊ ရှာဖွေသူအရာရှိ အပြုအမူ၊ သိမ်းဆည်းခံရသည့်ပစ္စည်းအတွက် မိမိရဲ့တုန့်ပြန်မှု စတာတွေကို မိမိရဲ့သဘောထားမှတ်ချက် အနေနဲ့ ဖော်ပြခွင့် ရှိပါတယ်။

တရားဝင်မှတ်တမ်းမှာ အနည်းငယ်မျှသော ကွဲလွဲချက်ကိုတွေ့ခဲ့လျှင်ပင် လက်မှတ်ထိုးဖို့ငြင်းဆန်ပါ။ သင့်ကန့်ကွက်ချက်ကို ထိုမှတ်တမ်းတွင် ချရေးပါ။ သင့်ကိုတရားစွဲခဲ့လျှင် ထိုကန့်ကွက်ချက်က သင့်ကို တရားစီရင်ရာတွင် အကာအကွယ်ပေးနိုင်ပါလိမ့်မယ်။
(ကြိတင်ကာကွယ်မှုအတွက် ထိန်းသိမ်းခြင်း) တုန်းကလိုပဲ ရှာဖွေခံရပြီးတဲ့အခါ အခြေအမြစ်မရှိတဲ့ ရှာဖွေမှု အတွက် အစိုးရရှေ့နေထံ တိုင်ကြားစာ တစောင်ရေးပါ။

ကျွန်ုပ်တို့လှုပ်ရှားမှုသည် ပိုလန်ပြည်သူ့သမတနိုင်ငံ ဥပဒေဘောင်အတွင်းမှဖြစ်သည်။ လက်နှိပ်စက်တလုံး၊ ရေဒီယိုတလုံး၊ ပုံနှိပ်စာရွက်တချို့ ပိုင်ဆိုင်တာကို ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိပါ။ ရှာဖွေခံရတဲ့အခါ ဒီပစ္စည်းမျိုးတွေ ရှာဖွေ သိမ်းဆည်းခံရလေ့ရှိပါတယ်။ အစိုးရရှေ့နေထံ တိုင်ကြားစာမှာ ဒီသိမ်းဆည်းခံ ပစ္စည်းတွေကို ပြန်ပေးဖို့ တောင်းဆိုတာကိုလည်း တပါတည်းဖော်ပြပါ။

လျို့ဝှက်ပုလိပ်နဲ့ ပထမအကြိမ်ဆုံတဲ့အခါ အကောင်းဆုံးဗျူဟာက ရူးချင်ဟန် ဆောင်ဖို့ပါပဲ။ ဒါ တကယ့်ကို အမှန်ပဲ။ သင့်မှာ ‘နိုင်ငံရေးနောက်ကြောင်း’ မရှိ။ ပုလိပ်နဲ့ ခုလိုတွေ့တာလည်း မတော်တဆပဲ။ သင့် ‘ပြစ်မှု’ အတွက် တခုတည်းသော အထောက်အထားသည် သင့်ကိုယ်ပေါ်တွင် တွေ့သောအရာပင် ဖြစ်သည်။

သင့်ဇာတ်လမ်းက သူတို့ကို ယုံကြည်စေဖို့ မလိုပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကြောင်းတော့ ရှိရမယ်။ ဒီလိုပဲ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရမယ်။ ဥပမာ.. သင့်ကို လမ်းမှာ သမဂ္ဂစာကြည့်တိုက်ကငှါးလာတဲ့ စာအုပ်တွေနဲ့ ရပ်တန့် စစ်ဆေးခံရပြီဆိုပါစို့။ “မာရှယ်လောဥပဒေက ပြင်းထန်လွန်းတာကြောင့် ကြောက်ပြီး ဒီမြေအောက် စာရွက်စာတမ်းတွေကို ဖျက်ဆီးမလို့ လုပ်နေတုန်း ခင်ဗျားတို့နဲ့တွေ့တာပါ။ ဒါမှမဟုတ် အခု ပုလိပ်စခန်းကို သွားအပ်မလို့လုပ်နေတုန်း ခင်ဗျားတို့နဲ့တွေ့တာပါ” လို့ပြောပါ။ စာအုပ်တွေ ဘယ်ကရတယ်။ စာကြည့်တိုက်မှူးက ဘယ်သူဆိုတာ စတာတွေ ဘာမှပြောဖို့မလိုပါ။ စာအုပ်တွေ လက်ဝယ်ရှိတာ ရာဇ၀တ်မှုမဟုတ်ပါ။ ရှင်းပြရန်လည်းမလိုပါ။ အဆုံးတော့ “ဒီဟာတွေ ရှိနေတာကို သိပ်ကြောက်နေပြီး ဒါတွေကိုရှင်းပစ်မလို့ပါ။ ကြမ္မာငင်ချင်တော့ ခင်ဗျားတို့နဲ့ ခုလို တွေ့လိုက်ရတော့ မလုပ်လိုက် ရတော့ဘူးပေါ့ဗျာ” လို့ပြောပါ။

စစ်ကြောရေးအရာရှိက သင့်ဇာတ်လမ်းဟာ လံကြုတ်ဆိုတာသိပါတယ်။ ဒါပေမယ့် ဒီဇာတ်လမ်းကိုပဲ အသေ ဆုပ်ကိုင်ပြီး ပြောနေသရွေ့ အန္တရာယ်ကရှောင်နိုင်ပါလိမ့်မယ်။

သင့်မြေအောက်ခန်းထဲမှာ ပုံနှိပ်ဖို့လုပ်ထားတဲ့ စာရွက်စာတမ်းကို ပုလိပ်ကတွေ့ သွားပြီဆိုပါစို့။ အလွယ်ဆုံး ရှင်းပြနိုင်တာက “ဒါ မာရှယ်လော မကြေညာခင်က စာရွက် စာတမ်းတွေပါ” လို့ ပြောလိုက်ပါ။ ဒီဇာတ်လမ်းက ရူးကြောင်ကြောင်တော့နိုင်ပါတယ်။ ဒါပေမယ့် ပုလိပ်ကိုတော့ လှည့်စားနိုင်ပါတယ်။ သင့်အယူအဆတွေ၊ ယုံကြည်ချက်တွေကို ပုလိပ်နဲ့ အဆွေးနွေး မခံပါနဲ့။ ‘မြေအောက်လှုပ်ရှားမှု’ ဆိုတာကို လုံးဝငြင်းပါ။ ‘လှုပ်ရှား တက်ကြွသူ’ ဆိုတာမျိုးလည်းမဖြစ်ပါစေနဲ့။

သင်ဟာ မြေအောက်လုပ်ငန်းသုံး ဝေါဟာရတွေကို လုံးမသိသူဟန်ဆောင်ပါ။ ‘ချကွက်သေ’၊ ‘ဆက်သား’၊ ‘ထောက်ပံ့ရေးလမ်းကြောင်း’.. စသည် အားလုံးကို ‘ဘာတွေလာ ပြောနေတာလဲ’ ဆိုတဲ့ ဂိုက်ဖမ်းထားပါ။ သင်ဟာ သာမန်အရပ်သားတယောက်။ တခုခုကို ‘မတော်တဆသွားတွေ့တယ်’။ ‘အခုတိုင်းပြည်က ထွက်သွားပြီဖြစ်တဲ့ မိတ်ဆွေတယောက်နဲ့အတူ လွန်ခဲ့တဲ့ ဆယ်နှစ်ကတွေ့ခဲ့တဲ့သူက ဒီဟာကို ပေးလိုက်တာ’။ ‘အခု ချိန်းထားတဲ့ နေရာမှာ ဒီလူကို သွားတွေ့ပြီး ဒီအထုပ်ကိုပေးမလို့။ သူက ဒီအထုပ်ကို မြင်ရင် ကျနော့်ကို မှတ်မိမယ်လို့ ထင်ရတာပဲ’။

ဇာတ်လမ်းက ဖြစ်နိုင်စရာတော့ဖြစ်တယ်။ ဒါပေမယ့် အူကြောင်ကြောင်တော့နိုင်တယ်။ အကောင်းဆုံး ဥပဒေသက နဲနဲပဲပြောလေ ကောင်းလေပဲ။ လျို့ဝှက်ပုလိပ်ကတော့ ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် တရားရုံးက (တရားရုံးရောက်ခဲ့ရင်ပေါ့လေ) သင့်မှာ အပြစ်ထင်ရှားကြောင်း မတွေ့ရသေးသမျှ အပြစ် ကင်းစင်တယ်လို့ယူဆရမှာပဲ။

လွန်ခဲ့တဲ့ လအနည်းငယ် အတွေ့အကြုံတွေအရတော့ ဇာတ်လမ်းတခုထဲကို စွဲစွဲမြဲမြဲ ထပ်တလဲလဲ ပြောနေရင်၊ အပြည့်အ၀မှန်တာ မဟုတ်ဦးတော့ လူတယောက် လွတ်လာတာကို ကြုံဖူးပါတယ်။ “မသင်္ကာသူ ရှင်းလင်းတင်ပြချက်သည် ဖြစ်နိုင်စရာရှိသည်။” ဆိုတာ စစ်ခုံရုံးတရားလိုရှေ့နေက အမှုပိတ်တဲ့အခါ သုံးတဲ့စကားလုံးပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေး Interrogation
သက်သေအဖြစ် ဖြစ်စေ၊ မသင်္ကာသူ တရားခံအနေနှင့်ဖြစ်စေ စစ်ကြောဖို့ ဆင့်ခေါ်တာခံရနိုင်ပါတယ်။ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၆၁) က ဒီလိုဆိုပါတယ်။ “မသင်္ကာသူ ဆိုသည်မှာ ပုလိပ်စွပ်စွဲမှုကိုခံရသူ ဖြစ်သည်။ တရားခံသည် တရားရုံးက နည်းလမ်းတကျ စွဲချက်တင် စစ်ဆေးခံရသူကို ဆိုလိုသည်။”

စစ်ကြောရေးအတွက် ဆင့်ခေါ်တဲ့ သမ္မန်စာမှာ သင့်ကိုဘာအမှုနဲ့ခေါ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရမယ်။ မသင်္ကာသူအနေနဲ့၊ သက်သေအနေနဲ့ ခေါ်တဲ့အခါ အမှုတွဲနံပတ်ကို ဖော်ပြရမယ်။ ‘ပုဂ္ဂလိကအမှု’၊ ‘ရှင်းလင်းတင်ပြရန် ဆင့်ခေါ်သည်’ ဆိုတဲ့ မှတ်ချက်မျိုးတွေပါလာရင်၊ အမှုတွဲနံပတ်ကို ချန်လှပ်ထားရင်၊ ရုံးတံဆိပ်တုံး မပါရင် သမ္မန်စာဟာ ပျက်ပါတယ်။ ဒီလိုသမ္မန်စာမျိုးကို လက်ခံလိုက်နာစရာမလိုပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

မေးခွန်းတွေ မစခင် တာဝန်ခံစစ်ကြောသူအရာရှိက အမှုအကြောင်းအရာကို တရားလိုကို ပြောပြဖို့ တာဝန် ရှိပါတယ်။ (လက်တွေ့မှာဖြစ်ခဲပါတယ်။) မေးခွန်းတိုင်းကို စာနဲ့ရေးသား မှတ်တမ်းတင်ဖို့ တောင်းဆိုပါ။ ပြီးမှ မေးခွန်းကို ဖြေဖို့ ငြင်းဆန်ပါ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

သက်သေက သူ့ကိုဖြစ်စေ၊ ဆွေမျိုးရင်းချာတဦးကိုဖြစ်စေ အရေးယူအပြစ်ပေး နိုင်သောမေးခွန်းကို ငြင်းဆန်ရန် ဥပဒေအရ အခွင့်အရေးရှိပါတယ်။ (ရာဇ၀တ်ကျင့်ထုံး ပုဒ်မ ၁၆၆)

စစ်ကြောရေးကာလမှာ သက်သေဟာ သက်သေခံအချက်အလက်ကိုပေးအပ်ဖို့ မငြင်းဆန်နိုင်ပါ။ သို့သော် သူ့ကိုဖြစ်စေ၊ ဆွေမျိုးရင်းချာတဦးကိုဖြစ်စေ အရေးယူအပြစ်ပေးနိုင်တဲ့ အချက်အလက်မျိုးကိုတော့ အကြောင်းတစုံတရာ မပြဘဲ ငြင်းဆန်ခွင့်ရှိပါတယ်။ (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၅ နှင့် ၁၆၆ ကိုညွှန်း)

မေးခွန်းတွေကိုဖြေဖို့ ငြင်းဆန်တာဟာ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သက်သေက မသင်္ကာသူ ဖြစ်သွားနိုင်တယ်။ သက်သေခံထွက်ဆိုနေတုန်း အချက်အလက်တချို့ဟာ နောင်မှာ သင့်ကို တရားစွဲတင်နိုင်တာမျိုး မတော်တဆ ထွက်ဆိုမိတတ်တယ်။ အချက်အလက်မှားကို ထွက်ဆိုတာထက်စာရင် မပြောဘဲ ပါးစပ်ပိတ်ထားတာက ပိုကောင်းပါတယ်။ သက်သေလိမ်ထွက်ရင် (၅) နှစ်အထိ ထောင်ချနိုင်ပါတယ်။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များ ဖြစ်သည်။)

ဒါတွေကိုကြည့်ရင် လျို့ဝှက်ပုလိပ်နဲ့ဆက်ဆံတဲ့အခါ၊ စစ်ကြောရေးဝင်ရတဲ့အခါ၊ တခုတည်းသော လျော်ကန်တဲ့ နည်းပရိယာယ်က တချို့သောမေးခွန်းများကို မဖြေမိဖို့ပါပဲ။ မသင်္ကာသူအနေနဲ့ဖြစ်စေ၊ တရားခံအနေနဲ့ ဖြစ်စေ မေးခွန်း အမေးခံရတဲ့အခါ၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ (၆၃) အရ သက်သေခံချက်ပေးဖို့ ငြင်းဆန်ခွင့်ရှိပါတယ်။ (ဒီပုဒ်မက တရားခံရဲ့ အခွင့်အရေးကို ရည်ညွှန်းပေမယ့် ပုဒ်မ (၆၁) အပိုဒ် (၂) အရ မသင်္ကာသူကလည်း ခံစားခွင့်ရှိပါတယ်။) (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

Don't be intimidated! မကြောက်ပါနဲ့
ကျနော်တို့ ခုရောက်နေတာ Waldslow Gomulka ‘ဂေါ်မူကာခေတ်’ မဟုတ်ပါ။ သူက ‘ခန္ဓာကိုယ် ညှဉ်းပမ်းနှိပ်စက်မှု’ ကို ဆန့်ကျင်ပါတယ်။ အခုခေတ်မှာတော့ လျို့ဝှက်ပုလိပ်က စစ်ကြောရေးကာလမှာ ခြိမ်းခြောက်တာ၊ အင်အားသုံးတာ မကြာခဏလုပ်တတ်ပါတယ်။ တယောက်ကဆို သူတို့ အရာရှိချင်း ပြောနေတဲ့ ‘ဒီကောင့် ပါးစပ်ပွင့်လာအောင် ဒီကောင့်မျက်နှာကို လေးငါးချက်လောက် ထိုးလိုက်စမ်းကွာ’ ဆိုတာကို ကြားခဲ့ရပါတယ်။ (Waldslow Gomulka သည် ၁၉၅၆-၇ဝ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ပထမ အတွင်းရေးမှူး ဖြစ်သည်။)

ဒီလိုခြိမ်းခြောက်မှုမျိုးကို လက်တွေ့လည်း လုပ်တတ်ပါတယ်။ စိတ်ဓါတ်ရေးရာအရ အသင့်ဖြစ်အောင် ကျနော်တို့ကိုယ်ကို ကျနော်တို့ အသင့်ပြင်ရပါမယ်။ ကံကောင်းတာက ‘စတာလင်ခေတ်’ မဟုတ်တော့တာပါ။ အဲဒီခေတ်ကတော့ ခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်မှုဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ခန္ဓာကိုယ်ညှဉ်းပန်းနှိပ်စက်မှုကို ပြန်လုပ်ဖို့ တရားဝင်ဆုံးဖြတ်တာမျိုးတော့ မလုပ်ရသေးပါဘူး။ ခြိမ်းခြောက်တာ၊ အင်အားသုံးတာရဲ့ ရည်ရွယ်ချက်က တဦးတယောက်ကို အန္တရာယ်ရှိနေပြီလို့ ခံစားသွားရအောင်၊ အားကိုးရာမဲ့သွားပြီလို့ ခံစားသွားရအောင် လုပ်ချင်တာပါ။

ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်တယ်။ ပြန်လှန်တိုက်စစ်ပင် ဆင်နိုင်ပါတယ်။ ခြိမ်းခြောက်ခံရတဲ့အခါ ပြန်အော်ပါ။ ဒီလို ခြိမ်းခြောက်တာကို ပြည်တွင်းရော ပြည်ပကပါ သိအောင်လုပ်လိုက်မယ်လို့ ပြန်ခြိမ်းခြောက်ပါ။ ဖြစ်နိုင်ရင် စင်္ကြန်ဖက်ပြေးထွက်ပြီး ဆူဆူပူပူဖြစ်အောင်လုပ်ပါ။ ကိုယ့်ကိုစစ်နေတဲ့ အရာရှိထက် ကြီးတဲ့အရာရှိကို ၀င်တွေ့ဖို့ကြိးစားပြီး တိုင်တန်းပါ။ အတွေ့အကြုံအရ ဒီလို အပြုအမူက ခြိမ်းခြောက်နှိပ်စက်တာကို ရပ်ပစ်နိုင်ပါတယ်။

ဒီလိုအကြမ်းနည်းနဲ့ သတင်းမရနိုင်ဘူးဆိုတာကို သိသွားရင် လျို့ဝှက်ပုလိပ်က သူတို့ကိုပေးတဲ့ ညွှန်ကြားချက် ကို ပြန်စဉ်းစားပါလိမ့်မယ်။ (ဒီညွှန်ကြားချက်ကလည်း အချိန်မရွေး ပြောင်းနိုင်ပါတယ်။) ဖြစ်ရိုးဖြစ်စဉ်အရတော့ ‘အပျော့ဆွဲ’ နည်းကို ပြောင်းသုံးပါလိမ့်မယ်။) (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေးရဲ့ရည်ရွယ်ချက်က ကျနော်တို့ကို စကားပြောအောင်လုပ်ဖို့ပါ။ စ၊ စ ချင်းတော့.. “ခင်ဗျားတော့ တဘ၀လုံး ထောင်ထဲနေသွားရတော့မှာပဲ” ဆိုတာမျိုးနဲ့ ‘စိတ်ဓါတ်ရေး’ အရ ခြိမ်းခြောက်ပါလိမ့်မယ်။ ဒီနောက်တော့ “သြော်..ခင်ဗျားက ကိုယ့်ကိုယ်ကိုတင် ဒုက္ခပေးတာမဟုတ်ဘူး။ ခင်ဗျားရဲ့အနီးဆုံးနဲ့ အချစ်ဆုံးတွေကိုပါ ဒုက္ခပေးနေတာကိုး” လို့ ပြောပါလိမ့်မယ်။ ပြီးတော့မှ တဖြေးဖြေး ပိုပြီးခေတ်မီဆန်းပြားတဲ့နည်းတွေကို သုံးပါလိမ့်မယ်။

Don't get alarmed မလန့်ပါနဲ့
ဒေါသထွက်အောင် ဆွပေးတဲ့ စွပ်စွဲချက်တွေကြောင့် မလန့်လိုက်ပါနဲ့။ စစ်ကြောရေးရဲ့ နည်းတနည်းက ပြစ်မှုကို ပုံကြီးချဲ့တာပဲ။ ဒီတော့မှ စွပ်စွဲခံရသူက သတိလက်လွတ်ဖြစ်ပြီး၊ ဘာတွေ ဖြစ်လာဦးမှာလဲလို့ တွေးပြီးကြောက်လာတယ်။ ဒီတော့မှ ဒီကိစ္စမှာ တကယ်တမ်းကျတော့ သူဘယ်လောက်ပဲ ပါခဲ့တာပါ ဆိုပြီးပြောတော့မယ်။ ဒီလိုကိစ္စမျိုးမှာ နဂိုစွပ်စွဲချက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး။ ပိုဆိုးတဲ့အခြေအနေထဲကို ခုန်ဆင်း မိလျက်သား ဖြစ်နေတော့တယ်။ စစ်ကြောသူ ဘက်ကကြည့်ရင် သင်က ခုတော့ စကားစပြောနေပြီဖြစ်လို့ ဒီနည်းက အောင်မြင်တာပဲ။

စစ်ကြောသူဟာ သာမန်အားဖြင့် မသင်္ကာခံရသူထက် ဥပဒေကို ပိုနားလည်တယ်။ လွယ်လွယ်ကူကူပဲ လိမ်လည်လှည့်ဖျားနိုင်တယ်။ ဒီလိုပဲ မသင်္ကာခံရသူဟာ သူ့ အခွင့်အရေးကို မသိတာများတယ်။ ဒါကိုသိရဖို့လည်း စစ်ကြောသူကို အားကိုးလို့မရဘူး။ ဥပမာ.. စစ်ကြောသူက သင် ဒီမေးခွန်းကို ဘာလို့မဖြေသလဲဆိုတာ မရမက မေးလိမ့်မယ်။ တကယ်တမ်းက သင့်မှာ ဒီလိုအခွင့်အရေး ရှိတယ်ဆိုတာ သူကောင်းကောင်း သိတယ်။ “ခင်ဗျား မဖြေတာဟာ မဖြေချင်လို့ မဖြေတာမဟုတ်လား”။ “ဒီထွက်ချက်က ခင်ဗျားကို ရာဇ၀တ်မှုနဲ့ ရုံးတင် စစ်ဆေးနိုင်တယ် ဆိုတာ သိလို့ မဟုတ်လား”

ဒီလိုအမှုမျိုးမှာ စစ်ကြောသူက ‘ဒီထွက်ချက်က ခင်ဗျားကို ပြန်ပတ်နိုင်တယ်ဆိုတာ ခင်ဗျားက ဘာလို့ ထင်ရတာလဲ’လို့ မေးကောင်းမေးလိမ့်မယ်။ သင်စကားပြောလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့မေးတာပဲ။ အဖြေကတော့ ရှင်းရှင်းလေးပဲ။ ‘ဒီထွက်ချက်က ကျနော့်ကို ပြန်ပတ်လိမ့်မယ်ထင်လို့’ လို့ ပြန်ဖြေလိုက်ပါ။ ဒါဟာ လုံလောက်တဲ့အဖြေပဲ။ နောက်တဆင့်ကတော့ ခြိမ်းခြောက်တာပဲ။ မဖြေပဲနေရင် တရားစွဲဖို့ ခွင့်ပြုချက် တောင်းရလိမ့်မယ်ဆိုတာမျိုးပေါ့။ ဒါမှမဟုတ်လည်း “ဒါလေးဖြေလိုက်ရင် ခင်ဗျားမြန်မြန် လွတ်မှာပါ” လို့ ပြောလိမ့်မယ်။

ဒါဟာ သူတတ်နိုင်တာထက် ပိုပြောတာပဲ။ ဒီလိုဆုံးဖြတ်ချက်မျိုးပေးဖို့ သူ့မှာ အာဏာမရှိဘူး။ (စစ်ကြောသူဟာ မသင်္ကာခံရသူကို ပထမ (၄၈) နာရီ အတွင်းမှာပဲ လွှတ်ပစ်နိုင်တယ်။ အစိုးရရှေ့နေဆီက ခွင့်ပြုမိန့် မရရင် ဒီအချိန်ထက် ကျော်ပြီး ထိန်းသိမ်းထားလို့ မရဘူး။) (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

စစ်ကြောရေးကာလတလျှောက်လုံး စစ်ကြောရေးအရာရှိဖက်က အမြဲတမ်း အကြီးအကျယ် အသာစီး ရနေတာချည်းပဲ။ သူ့ဖက်က နာစရာက နဲနဲလေး၊ ကျနော်တို့က လွတ်လပ်မှုနဲ့ အလောင်းအစား လုပ်နေရတာ။ ဒါကြောင့် ကျနော်တို့ဟာ စစ်ကြောရေးမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတွေကို နဲနဲပဲဖြစ်ဖြစ် သိထားဖို့ကောင်းပါတယ်။

Don't panic ဖျားမသွားပါနဲ့
ခင်ဗျားဘ၀အကြောင်း တော်တော် အသေးစိတ်ကျတာလေးတွေကို ပြောလိုက်လို့ ဖျားမသွားပါနဲ့။ “ဒါတောင်သိနေမှတော့.. အကုန်လုံး သိနေ လောက်ရောပေါ့ကွာ” လို့ အလွယ်တကူ ကောက်ချက် မချလိုက်ပါနဲ့။ သူတို့မသိပါဘူး။ သင့် ကို ‘ပျော့သွားအောင်’ လုပ်ဖို့ နည်းဟောင်းကြီးကိုသုံးတာပါ။ သင့်အကြောင်း တချို့တ၀က် သင့်မိတ်ဆွေတွေကို စစ်ကြောရင်း ရသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်မိတ်ဆွေကလည်း အမှုနဲ့ ဘာမှမဆိုင်တဲ့ ဒီအချက်တွေကိုပြောပြီး။ စစ်ဆေးသူကို ခေါင်းရှုတ်သွားအောင်ကြိုးစားခဲ့တာပါ။ ဒီနည်းနဲ့ တဖက်သားကို တပတ်ရိုက်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပါ။

သင့်မိတ်ဆွေတဦးဦးရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀အသေးစိတ်ကို ဘယ်တော့မှ စကားစမြည်လုပ်ပြီး မပြောရဘူးဆိုတာ သတိရပါ။ ဒီအချက်အလက်တွေက သူတို့ကို ဒုက္ခရောက်စေနိုင်တယ်။ သင့်ကို လူတစုနဲ့ တွဲရိုက်ထားတဲ့ သင့်ဓါတ်ပုံ ထုတ်ပြလို့ အကြောင်းမဲ့ လန့်မသွားပါနဲ့။ ဓါတ်ပုံ၊ တိပ်ခွေ၊ အစီရင်ခံစာ.. စတာတွေဟာ ပုလိပ်သတင်းပေးရဲ့ ပုံမှန်လုပ်ငန်းအချက်အလက်တွေပါ။ ပုလိပ်က ဒါမျိုးကို ပုံမှန်စုဆောင်းရတယ်။ ဒါပေမယ့် ဒါတွေကို တရားရုံးမှာ သက်သေခံမ၀င်ပါ။ သင့်ကို ခြိမ်းခြောက်ဖို့၊ ထောင်ချောက်ဆင်ဖို့နဲ့ အနိုင်အထက်လုပ်ပြီး ထွက်ချက်ယူဖို့ပဲ အသုံးကျပါတယ်။

(စာနဲ့) ထွက်ဆိုပြီးပြီဆိုရင်တော့ ကျန်တာတွေ မလိုတော့ပါ။ တရားခွင်တလျှောက်လုံးမှာ သင့်ကို ဒုက္ခ အပေးနိုင်ဆုံးက ခုလို စာနဲ့ရေးထားတဲ့ သက်သေခံချက်ပါပဲ။) (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)

Do not admit anything ဘယ်ဟာကိုမှ ၀န်မခံပါနဲ့
ခင်ဗျားအကြောင်းထွက်ချက်ပေးမယ့်၊ သက်သေနဲ့ ရင်ဆိုင်တွေ့ပေးရင်တောင် ဘာကိုမှ ၀န်မခံပါနဲ့။ စိတ်ဓါတ်အရ အညွန့်ကျိုးနေတဲ့ ဒီလိုသက်သေတွေကို “သူတို့ကို မသိပါဘူး။ သူတို့နဲ့အတူ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာ မရှိပါဘူး” လို့ တသမတ်တည်းငြင်းပြီး ရင်ဆိုင်ရင် စစ်ကြောရေး ကာလမှာဖြစ်ဖြစ်၊ အမှုစစ်ဆေးနေစဉ်မှာဖြစ်ဖြစ် သူတို့ထွက်ချက်တွေကို ပြန် ရုတ်သိမ်းသွားတတ်ပါတယ်။
သင့်မိတ်ဆွေအနည်းစုက သင်လည်း ပါပါတယ်လို့ ဆက်ပြီးထွက်ဆိုနေရင်တောင် သင့်မှာ ၀န်ခံဖို့ရာ အချိန်အများကြီး ကျန်ပါသေးတယ်။ ‘ရာဇ၀တ်မှု’ ကို ကျူးလွန်ခဲ့ပါတယ်လို့ ၀န်ခံဖို့ ဆုံးဖြတ်တယ်ဆိုရင် သင့်ရှေ့နေ ရှေ့မှာ ၀န်ခံပါ။ ပိုကောင်းတာက တရားရုံးမှာ ၀န်ခံပါ။

စစ်ကြောရေးကာလအတွင်း လွှမ်းမိုး အနိုင်ကျင့်ခံရရင်၊ ထင်ယောင်ထင်မှားဖြစ်အောင် အလုပ်ခံရရင်၊ ရှေ့နေရဲ့အကြံဉာဏ်ရယူဖို့ (ရာဇ၀တ်ကျင့်ထုံးဥပဒေနဲ့ ဆန့်ကျင်ပြီး) ငြင်းပယ်ခံရရင် နှုတ်ပိတ်နေပါ။ ဒါမှမဟုတ် ဘာမှ မပတ်သက်ခဲ့ပါဘူးလို့ ငြင်းပါ။
မသင်္ကာသူ တယောက်ထက်ပိုပြီး စစ်ကြောခံနေရတဲ့ ကာလမျိုးမှာ ပုလိပ်ကို ကျောဖို့ အခွင့်အလမ်း လုံးဝ မရှိဘူးဆိုတာ နားလည်ရမယ်။ ဆိုပါစို့.. မသင်္ကာသူတယောက်ကို (ပုလိပ်ကမေးလို့) အခြား မသင်္ကာသူတယောက်နဲ့ ကော်ဖီဆိုင်မှာစကားပြောခဲ့တာကို ပြန်ပြောပြီဆိုပါစို့။ ပုလိပ်ကိုလမ်းလွှဲဖို့ အမှုနဲ့မဆိုင်တဲ့ အသေးစိတ်အကြောင်း အရာလေးတွေကို စပြောလိမ့်မယ်။ ဒီအသေးစိတ်တွေကို ဒုတိယမသင်္ကာ ခံရသူကို သွားပြောတဲ့အခါ “ဟာ.. ဒီကောင်တော့ ဖော်ပြီ” လို့ထင်ပြီး စပြောတော့မှာပဲ။ လူတစုကို စစ်ကြောခံရရင် ပုလိပ်ကိုလှည့်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူတို့မှာ တိုင်ပင် ဆွေးနွေးခွင့်လည်းမရှိ။ ဘယ်အချက်ကို ဖော်ပြောမယ်ဆိုတာလည် ညှိနှိုင်းခွင့်မရှိလို့ ပါပဲ။

စစ်ကြောသူတွေက မသင်္ကာသူတွေကို ရင်ဆိုင်ရာမှာ သုံးလေ့ရှိတဲ့ လက်သုံးစကားက “မင်း.. ကိုယ့်ကိုယ်ကို အပြစ်မရှိဘူးထင်ပြီး စကားပြောဖို့ငြင်းနေရင် ကိုယ့်ကိုယ်ကို ဒုက္ခပေးတာဖြစ်မှာပဲ။ ရိုးရိုးသားသားနဲ့ အပြည့်အစုံပြောမှ အပြစ်မရှိရာ ရောက်မှာပေါ့”။ ဒါက ဘာမှ မှားတာတော့ မဟုတ်ဘူး။ ပိုလန် သမတနိုင်ငံရဲ့ ဥပဒေ အကြောင်းအချက်အရ ပြောရင် တရားခံဟာ အပြစ်မရှိဘူးဆိုတဲ့ ယူဆချက်ကို အခြေခံတယ်။ ဆိုလိုတာက ပြစ်မှုကျူးလွန်ကြောင်း သက်သေ ထင်ရှား မပြနိုင်သမျှ၊ နိုင်ငံသားတိုင်းဟာ အပြစ်ကင်းမဲ့တယ်လို့ ဆိုလိုတာပဲ။

စစ်ကြောရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့ တည်ရှိရတဲ့အကြောင်းရင်းဟာ မသင်္ကာသူဟာ ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပြဖို့ပဲ။ အပြစ်ကင်းမဲ့ကြောင်း သက်သေပြဖို့မဟုတ်ဘူး။ သင့်ကိုကူညီချင်တဲ့ ‘သဘောကောင်းတဲ့ ဦးလေးကြီး’ ရဲ့ အရူးလုပ်တာကို မခံရပါစေနဲ့။ သူ့ရဲ့အရင်းခံစေတနာကို ငြင်းပယ်မိပြီလို့ ထင်မိယောင်မှား မဖြစ်ပါနဲ့။ အချိန်သာ လုံလုံလောက်လောက် ရပါစေ။ အပြစ်မရှိဘူးလို့ပြောတဲ့ သက်သေပြချက်တိုင်းကို (အမြဲတမ်းတော့ တရားဝင်တဲ့နည်းလမ်းမဟုတ်တဲ့) နည်းနဲ့ လျို့ဝှက်ပုလိပ်က မမှန်ကြောင်း သက်သေပြနိုင်တာချည်းပဲဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် အမှုက တရားရုံး ရောက်သွားပြီဆိုရင်တော့ လျို့ဝှက်ပုလိပ်အတွက် အချိန်က နည်းသွားပါပြီ။ (ပြင်ဆင် ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
တရားရုံးမှာ လက်မှတ်ရေးထိုးထားတဲ့ သက်သေခံချက်သာ ခိုင်လုံပါတယ်။ ဒါကြောင့်ပဲ စစ်ကြောရေး မှတ်တမ်း တွေကို စစ်ကြောရေးပြီးလို့ နာရီအတော်ကြာမှ မကြာခဏ ချရေးကြတာပဲ။ မသင်္ကာခံရသူ မောပန်းနေပြီ၊ သက်သေခံချက်ကို အသေးစိတ် ပြန်လည်မစစ်ဆေးနိုင်တော့ဘူးဆိုတဲ့ အချိန်ကျမှ ဒီလိုလုပ်တာပဲ။ စစ်ကြောသူက စစ်ကြောခံရသူ မပြောတဲ့ အချက်အလက်တချို့ကိုလည်း ထည့်ဖို့ ကြိးစားကောင်း ကြိးစားလိမ့်ဦးမယ်။

အစကတည်းက မေးခွန်းတိုင်းကို သေချာစွာ ရေးဖို့တောင်းဆိုပါ။ မရေးရင် ဆက်ဖြေဖို့ငြင်းဆိုပါ။ မှတ်တမ်းထဲမှာ ဘယ်လို အသေးအဖွဲကို ချန်ထားခဲ့တာမျိုးကိုမှ လက်မခံပါနဲ့။ သင့်ထွက်ဆိုချက်နဲ့ ကွဲလွဲတာဖြစ်ဖြစ်။ တလွဲတချော် ရေးတာဖြစ်ဖြစ် ဘယ်လောက်ပဲသေးငယ်ပါစေ မှတ်တမ်းထဲမှာ လိုအပ်သလို ရှင်းလင်းချက် ထည့်ပေးဖို့တောင်းဆိုပါ။ လက်မှတ်ထိုးဖို့ ငြင်းဆန်ပါ။ (ပိုလန်ပြည် တရားဥပဒေအရ မသင်္ကာခံရသူနဲ့ သက်သေတွေဟာ စစ်ကြောရေးမှတ်တမ်းမှာ လက်မှတ်ထိုးဖို့ ဥပဒေအရ တာဝန်မရှိပါ။)
နိုင်ငံရေးအမှုတွေမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတဲ့အခါ စစ်ကြောသူတွေ လုပ်တတ်တာက အချင်းချင်းကြား သွေးစည်းရေးကို ဖြိခွဲပစ်ဖို့ပဲ။ အဖမ်းခံရသူ အချင်းချင်း တေ့ပေးပြီးလည်းကစားတတ်တယ်။ မကြာခဏ သူတို့ လုပ်တတ်တာက ကြံရာပါတယောက်ပေးထားတယ်လို့ထင်ရတဲ့ ထွက်ချက်ထဲမှာ အချက်အလက်သစ်တချို့ တီထွင် ထည့်သွင်းတာပဲ။ ယုံကြည်ရအောင် ထွက်ချက်ကို မှတ်တမ်းထဲ ထည့်ထားတတ်သေးတယ်။ ကိုးကားထားတဲ့ အချက်က မှန်တယ်ဆိုရင်တောင် ရည်ရွယ်ချက်က ‘တခြားသူတွေတော့ဖော်ကုန်ပြီ’ လို့ ထင်စေချင်တာပါပဲ။ ဒီလိုထင်မိပြီဆိုတာနဲ့ မသင်္ကာခံရသူဟာ စပြောတော့တာပဲ။ ခုနကိုးကားချက်ပါတဲ့ ထွက်ချက်မှတ်တမ်းဟာလည်း တရားရုံး ရောက်မလာတော့ပဲ စုပ်စမြုပ်စ ပျောက်သွားတော့တာပဲ။
နောက်ထပ် SB သုံးတတ်တဲ့ အဟောင်းမြင်းဆုံး လှည့်စားနည်းက.. သင်လုပ်နေတဲ့ လူမှုလုပ်ငန်းတွေဟာ အနောက်ဂျာမဏီ ပြန်ပြင်ရေးသမား သစ္စာဖောက်တွေ၊ အစ္စရေး လျို့ဝှက်ထောက်လှမ်းရေးအဖွဲ့နဲ့ CIA စတာတွေက ငွေကြေးထောက်ပံ့နေတာလို့ ယုံကြည်လာအောင် လုပ်တာပဲ။ မသင်္ကာခံရသူက ဒီရံပုံငွေထဲမှ ကိုယ်ကျိုးအတွက် တပြားတချပ်မှ မရဘူးဆိုစေဦး၊ (သူက သိပ်သေးတဲ့ နယ်ရုပ်ကလေးဖြစ်နေလို့) ဒီနိုင်ငံရေးလှုပ်ရှားမှုမှာပါနေတဲ့ တခြား သူတွေကတော့ ငွေရလို့လုပ်ကြတာ၊ သူတို့က ဆွတ်ဇာလန်ဘဏ်စာရင်းတွေမှာလည်း ငွေတွေအများကြီး အပ်ထားတယ်လို့ပြောလိမ့်မယ်။

သူတို့သုံးခဲ့တဲ့နည်းတွေထဲက အအောင်မြင်ဆုံးတခုကတော့ (၁၉၆၈) က သုံးခဲ့တဲ့နည်းပဲ။ (၁၉၆၈ မတ်လမှာ ကျောင်းသားပုန်ကန်မှုတခုဖြစ်ခဲ့တယ်။) သူတို့နည်းက ဆန့်ကျင်ပုန်ကန်မှုရဲ့ စစ်မှန်မှုနဲ့ အရေးပါမှုကို ငြင်းပယ်တာပဲ။ ဒီထဲပါတဲ့လူအားလုံးကို “မင်းတို့ အသုံးချခံရတာ၊ ခြယ်လှယ်ခံရတာ” လို့ပြောမယ်။ “မင်းတို့ဆရာကြီးတွေက ဂျူးတွေနဲ့ အနောက် ဂျာမန်ပြုပြင်ရေးသမားတွေပဲ။ သူတို့က သူတို့ ကိုယ်ကျိုးစီးပွားအတွက် မင်းတို့ကိုမြှောက်ပေးနေတာ။”

ကိုယ့်ကို စစ်ကြောနေတဲ့သူနဲ့ စကားမပြောရ၊ မနေနိုင်ရင် သူနဲ့ စကားစမြည်ပြောဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် တခုမှတ်ထားရမှာက သူဟာ သင့်ကိုအမြဲတမ်းတော့ တိုက်ရိုက်မေးခွန်းတွေ မေးမှာမဟုတ်ဘူး။ စီးကရက်တလိပ်၊ လဖက်ရည်တခွက်ပေးပြီး ရင်းရင်းနှီးနှီး ငယ်ပေါင်းကြီးဖော်လို စကားပြောမယ်။ သူဟာ သူ့အလုပ် သူလုပ်နေတယ်ဆိုတာ သတိရှိပါ။ စစ်ကြောရေးမှာသုံးတဲ့ နည်းလမ်းတခုက စစ်ကြောခံရသူနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ။ ဖွင့်ပြောလာအောင် စိတ်ဓါတ်ရေးရာအရ ဖိအားပေးဖို့ပဲ။ စစ်ကြောရေးနဲ့ သင့်ကြားမှာ ဘယ်လိုအဆက်ဆံမျိုးမှ မထားပါနဲ့။ သင့်အနေအထား ပိုခက်သွားလိမ့်မယ်။ (ပြင်ဆင်ထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
လပေါင်းအတော်ကြာ စစ်ဆေးမေးမြန်းခံရပြီဆိုရင် စစ်ကြောခံရသူဟာ ကျိုးသွားပြီး၊ ဖွင့်ပြောတော့မှာပဲလို့ လျို့ဝှက်ပုလိပ် SB က အမြဲတမ်းမျှော်လင့်ထားတယ်။ ဒါကြောင့်ပဲ သူတို့ဟာ (ခြောက်လိုက်၊ ချော့လိုက်၊ လေပျော့လေးနဲ့ ဆက်ဆံလိုက်နဲ့) သူတို့ နည်းတွေကို အမြဲတမ်းပြောင်းနေတာ။ တခါတရံတော့ လူနှစ်ယောက်က အလှည့်ကျ လုပ်တတ်တယ်။ တယောက်က အဆက်မပြတ် ဆဲဆို အော်ဟစ်နေတယ်။ နောက်တယောက်က အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ သင့်ကို နားလည်ဖို့ကြိုးစားနေသယောင်။ ကူညီချင်သယောင် ဆောင်မယ်။ သင့်ကို စစ်ကြောဖို့ ခေါ်သွားပြီး ဘယ်သူကမှ ဘာမှမပြောပဲ နာရီပေါင်းများစွာထားချင်ထားမယ်။ စစ်ကြောရေးကို သင့် တိုက်ခန်းကျဉ်း လေးထဲမှာ လုပ်ချင်လုပ်မယ်။ နိုင်ငံရေးမှုတွေမှာတော့ သင့်တိုက်ခန်းကျဉ်းလေးထဲမှာ သတင်းပေးတယောက်ကို ရောထားတတ်တယ်။ (ဒီလူက ထောင်ကနေ နောက်ထပ်စစ်ဆေးစရာရှိလို့ ခေါ်လာတဲ့သူ။ ဒါမှမဟုတ် တရားရုံးမှာ အစိုးရသက်သေအဖြစ် ထွက်ဆိုမယ့်သူ ဖြစ်တတ်တယ်။)

ပုံသေဖြစ်လေ့ရှိတာက ဒီလိုလူဟာ ‘သက်တောင့်သက်သာနေလိုတဲ့’၊ အလုပ်ကြမ်းမလုပ်လိုတဲ့၊ ဆိုးရွားလှတဲ့ ထောင်တွင်းဒဏ်ကို မခံနိုင်တဲ့၊ အဲဒီအစား စစ်ကြောခံဖို့ သက်သက်အတွက် အဖမ်းခံလိုသူသာဖြစ်တတ်တယ်။ သူဒီလို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင် စောစောလွတ်မယ်၊ ထောင်ဝင်စာများများရမယ်၊ ထောင်ဝင်စာ ခဏခဏ တွေ့ရမယ်။

စာအဆက်အသွယ်ရမယ်.. စသည်ဖြင့် ကတိပေးထားတာမျိုး ဖြစ်တတ်တယ်။ သူဟာ စစ်ကြောခံနေရတာနဲ့ တချိန်ထဲမှာ သင့်ကို စစ်ကြောနေတဲ့ စစ်ကြောရေးအရာရှိနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဘာလို့လဲဆိုတော့ သင့်တိုက်ခန်းကျဉ်းလေးထဲမှာ သင်ဟာ သင့်ကိုယ်သင် တချိန်လုံး ထိမ်းချုပ်မထားနိုင်ဘူးဆိုတာသိလို့၊ သင့်ဆီက ‘ဖြောင့်ချက်’ ကို ရအောင်ယူဖို့ပဲ။ သူက စာပေးစရာရှိရင် ထောင်ထဲကခိုးထုတ်လို့ရအောင် သူလုပ်ပေးမယ်လို့ ပြောကောင်းပြောလိမ့်မယ်။

နောက်ဆုံး စစ်ကြောရေးအပြီး သင့်အပြုအမူ တုန့်ပြန်ပုံတွေကို အကဲခတ်ပြီး၊ အားလုံးတစမကျန် သတင်း ပို့လိမ့်မယ်။ ဒီလိုပဲ နောက်ထပ် သတိထားစရာက အကျဉ်းခန်းတိုင်းမှာ ခိုးနားထောင်တဲ့ ကိရိယာတပ်ထားတယ် ဆိုတာပဲ။ ဒါကိုရှောင်လွှဲဖို့ နည်းလမ်းဟောင်းကြီးက စာရေးပြီး သတင်းလက်ဆင့်ကမ်းတာပဲ။ ဒီလိုပဲ သင့်ထံကို ခိုးကြောင်ခိုးဝှက် ရောက်လာတဲ့ သတင်းစကား တချို့ဟာလည်း အတုတွေ ဆိုတာ မမေ့နဲ့။

သင့်ကို အလွန်အင်အားကြီးပြီး၊ အလွန်ထက်မြတ်တဲ့ အဖွဲ့အစည်းယန္တယားကြီးတခုက စစ်ကြောနေတယ်ဆိုတာ မမေ့ပါနဲ့။ သင့်ကိုစစ်ကြောနေတဲ့ စစ်ကြောရေး အရာရှိဟာ ဒီယန္တယားကြီးထဲက ဘီးငယ်လေးတခုသာ ဖြစ်တယ်။ သူဟာ တယာက်ထဲလုပ်နေတာမဟုတ်ဘူး။ သူ့ကိုလည်း အတွေ့အကြုံရင့်ကျက်တဲ့ လူတစုက စောင့်ကြည့် ထိန်းချုပ်ထားတာ။ သူ့ကို သူ့ရလဒ်နဲ့ အကဲဖြတ်တယ်။ အဲဒါဟာ သင့်ထွက်ချက်ပဲ။ ဒါ့ကြောင့်ပဲ ဒီ ထွက်ချက်ရဖို့ နည်းလမ်းပေါင်းစုံ သုံးခွင့် ပေးထားတယ်။ အသံခိုးနားထောင်တာ၊ သင့်အခန်းထဲထည့်ထားတဲ့ သတင်းပေးကတဆင့် သင့်အပြုအမူကို စောင့်ကြည့်တာ၊ သတင်းမှား ထွက်ချက်မှားတွေ ရအောင်လုပ်တာ၊ သင့်မိသားစု၊ ဒါမှမဟုတ် သင့်အမှုတွဲထဲက တဦးဦး ကျန်းမာရေး တော်တော်ဆိုးနေပြီလို့ လိမ်ပြောတာ.. အကုန်ပါပါတယ်။ အရေးကြီးတာက ရလဒ်ပဲ။ အဲဒါက သင့်ရဲ့ စာနဲ့ရေးထားတဲ့ ထွက်ချက်ပဲ။

အဖမ်းခံပုဂ္ဂိုလ်တဦးရဲ့ အထီးကျန်ဘ၀ဟာ စိတ်ဓါတ်ကို ယိုယွင်းစေတယ်။ အလွန်ကိုမှ မှန်တမ်းမဟုတ်တဲ့ ဘ၀ပဲ။ အတူနေ တယောက်ယောက်ရဲ့ အပြုအမူ တုန့်ပြန်ပုံတိုင်းကို သံသယနဲ့ စောင့်ကြည့်နေရတယ်။ စစ်ကြောရေးကာလ အတွက် အကောင်းဆုံး နည်းဗျူဟာက သာမန်အခြေအနေမှာ လွတ်လပ်တဲ့ လူတယောက်နေသလို နေဖို့ပဲ။ သင့်အပေါ် ဖိစီးလာတဲ့ အရာမှန်သမျှကို ဆန့်ကျင်တွန်းလှန်ပါ။ သူတို့ တတွေဟာ ဘာတွေပြောပြော၊ ဘာတွေလုပ်လုပ် သင့်ကို ဒုက္ခရောက်အောင်လုပ်နေကြတာချည်းပဲ။
ဒီလို အထီးကျန်ဖြစ်တာကြောင့် မှန်တမ်းမဟုတ်တဲ့ အခြေအနေတွေရဲ့ ရှုတ်ထွေးပွေလီမှုကြောင့် ဘယ်နည်း ပရိယာယ်ဟာဖြင့် ကောင်းတယ်၊ ဘယ်ဟာက ဆိုးတယ်၊ ဘယ်ဟာကလုံခြုံစိတ်ချရတယ်၊ ဘယ်ဟာက မလုံခြုံဘူး… စတဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းဟာ အတော်ထိခိုက်သွားတတ်တယ်။ သူတို့နဲ့ရင်ဆိုင်ရာမှာ ဘယ်လိုနည်းပရိယာယ်တွေသုံးရ မလဲလို့ စဉ်းစားနေရတာဟာ၊ နောက်ဆုံးမှာ အရှုံးနဲ့ ရင်ဆိုင်ရတာချည်းပဲ။ သူတို့ လိုချင်တဲ့ ထွက်ချက်မပေးမိဖို့ဆိုတဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုကို ထိခိုက်တော့တာပါပဲ။ ဘယ်လို ဖိအားပေးခံရခံရ စစ်ကြောရေးကာလမှာ သင့်ပါးစပ်ကို ပိတ်ထား နိုင်သမျှ၊ စစ်ကြောရေး တကြိမ်ပြီးတိုင်း၊ ကိုယ့်စိတ်ကို ဖြေလျှော့ပြီး၊ နောက်စာမေးပွဲသစ်ကို ရင်ဆိုင်ဖို့ အားမွေး နိုင်လိမ့်မယ်။ တခုခုကို စပြောလိုက်မိပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေက လုံးဝ ပြောင်းသွားတော့တာပဲ။

သင့်ကို စိတ်ဓါတ်အရ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်သွားပြီး၊ စစ်ကြောရေးအရာရှိရဲ့ ဆက်ဆံပုံဟာ အလွန် နူးညံ့သိမ်မွေ့လာမယ်။ ဒါပေမယ့် သင် (သင်ဟာ အလွန်ရိုးသားဖြူစင်သူတဦး၊ လျို့ဝှက်ပုလိပ် SB ရဲ့ ဖိအားပေးမှုကို မခံနိုင်သူတဦး၊ သင့် မိတ်ဆွေတွေအကြောင်း တတ်နိုင်သမျှ နဲနဲပဲပြောလိုသူတဦး၊ အမှုကို ရှုတ်ထွေးသွားအောင် တတ်နိုင်သမျှ စေ့စေ့စပ်စပ် လုပ်လိုသူတဦး) ဖြစ်မယ်ဆိုရင် သင့်စိတ်ငြိမ်းချမ်းမှုကို ဆုံးရှုံးဖို့ သေချာနေပြီ။ စစ်ကြောရေး အချိန်တိုင်းရဲ့ နာရီပေါင်းများစွာအတွင်း ဘယ်ဟာကို ပြောမယ်၊ ဘယ်ဟာကို ဖုံးထားမယ်၊ ကိုယ့်ကိုယ်ကိုနဲ့ အခြားသူတွေကို အထိအခိုက် အနဲဆုံးဖြစ်အောင် ဘယ်လိုဖြေမယ် ဆိုတာတွေ စဉ်းစားနေရတာနဲ့ အချိန်ကုန် သွားတော့တာပဲ။ အတိတ်ကာလ အတွေ့အကြုံတွေအရတော့ အတော်များများဟာ စပြောဖို့ ဆုံးဖြတ်လိုက်တာနဲ့ မကြာခင် ရူးကြောင်ကြောင် ဖြစ်သွားတော့တာပဲ။ (မူယင်းထုတ်ဝေသည့်မူအထဲမှ စာပိုဒ်များဖြစ်သည်။)
နိုင်ငံရေးမှုတွေမှာ စစ်ကြောရေးမှာရတဲ့ ထွက်ဆိုချက်တွေပဲ ဥပဒေအရ သက်သေခံဝင်တယ်ဆိုတာ သတိပြုရမယ်။ ဘာပဲဖြစ်ဖြစ် ဘယ်အရာမဆို သင့်ကို စွဲချက်တင်ဖို့ သုံးနိုင်တယ်။ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆင်ခြင်တုံတရားအတွင်း ကျရောက်တဲ့အရာသာဖြစ်တယ်။ ရုံးတက်တရားစွဲမလား၊ မစွဲဘူးလားဆိုတာဟာ သင့်ထွက်ချက်ပေါ်မှာ တည်တာမဟုတ်ဘူး။ နောက်ဆက်တွဲ နိုင်ငံရေး အခြေအနေတွေနဲ့ပဲ ဆိုင်တယ်။

စစ်ကြောခံနေရတုန်းမှာ ငါတော့ တနေ့ မုချ ပြန်လွတ်မှာပဲဆိုတာ သတိရနေဖို့လိုတယ်။ အဲဒီအချိန်ကျ သင့်မိတ်ဆွေတွေရဲ့ မျက်လုံးကို တည့်တည့် ရင်ဆိုင်ကြည့်နိုင်စွမ်း ရှိဖို့ဟာ သိပ်အရေးကြီးတယ်။

No comments:

Post a Comment