Wednesday, March 4, 2009

၂-၂-၂၀၀၈ စဉ်ပြိုင်အစိုးရ

စွယ်စုံကျမ်းများတွင် အဝေးရောက်အစိုးရပေါင်း တဒါဇင်အမည်များဖေါ်ပြထားရာ သက်တမ်း ၁၇နှစ်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(အင်စီဂျီယူဘီ)လည်း ပါဝင်သည်။ အစိုးရတရပ်၏ ပင်မတာဝန်များဖြစ်သော အခြေခံ လူမှုဘဝလုံခြုံရေးနှင့် ယာယာရေးတို့ကို စဉ်ပြိုင်အစိုးရတရပ်အဖို့ ဖြည့်ဆီးနိုင်စွမ်း မရှိတတ်ပါ။ သို့တစေ စဉ်ပြိုင်အစိုးရ ဖွဲ့ခြင်းမှာ အုပ်စိုးနေသူများအား အထိနာစေသည့်နည်းလမ်း (ချဲလင့်) တရပ်ဖြစ်ပေသည်။ ယင်းကြောင့်ပင် (အင်စီဂျီယူဘီ) သည် ၁၈-၁၂-၉ဝ နေ့၌ ဖွဲ့စီးဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

နှစ်ကြာလာသည်နှင့်အမျှ လေ့လာသုံးသပ်သူအများက (အင်စီဂျီယူဘီ)အဘယ့်ကြောင့်နှင့် အဘယ်ကဲ့သို့ ဖြစ်ပေါ်လာ သည်တို့၏ ဆီလျှော်မှန်ကန်မှုအား မေ့ပျောက်လာကြသည်ကို တွေ့ရပါသည်။ သမိုင်းဟူသည် နိုင်ငံရေးလုပ်ကြသူများ အတွက် မသိမဖြစ်ပါချေ။ (၁၉၉ဝ) ခုနှစ် ရွေးကောက်ပွဲတွင် အရွေးချယ် ခံကြသူများအနေနှင့် ထိုစဉ်က အုပ်စိုးနေသော (နဝတ)အား စဉ်ပြိုင်၍ အစိုးရတရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ရခြင်း၏ အဓိကအကြောင်းတရားကြီး အနည်းဆုံး (၃)ရပ် ရှိခဲ့ပါ သည်။

ပဌမအချက်မှာ နိုင်ငံရေးလိုအပ်ချက်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်နယ်လ်ဒီ)၏ ဂန္ဒီခန်းမ အစည်း အဝေး မတိုင်မီနေ့က (နဝတ)မှ ကြေညာချက် ၁/၉ဝကို ထုတ်ပြန်၍ လွှတ်တော်ခေါ်ခြင်းကိုသော်၎င်း၊ အစိုးရဖွဲ့ခြင်း ကိုသော်၎င်း၊ တားမြစ်လိုက်ပါသည်။ ထိပ်ပိုင်းခေါင်းဆောင်များအား အကျယ်ချုပ်ထားခံနေရသည့် (အင်နယ်လ်ဒီ)အဖို့ အစိုးရ မဖွဲ့နိုင်ပါချေ။ သို့ရာတွင် လူထုဖိအားမှာ အမတ်များအပေါ် ကြီးမားစွာ သက်ရောက်နေပါသည်။ မဲဆန္ဒရှင်များ၊ ကျောင်းသားများ နှင့် ရဟန်းသံဃာတော်များအား ကျေနပ်စေရန်မှာ (နဝတ)မလုပ်စေချင်သည်အား လုပ်ရန်သာ ရှိပါတော့သည်။ ကျွန်တော်တို့ ထိုအတိုင်း လုပ်ခဲ့ကြပါသည်။ အလားတူ ပေးဆပ်မှုလည်း ကြီးမားလှပါသည်။ အထဲတွင် အမတ်များစွာ ထောင် (၂၅) နှစ်စီ အသီးသီးချခံရသကဲ့သို့ အပြင်တွင်လည်း (၂)ဦး သတ်ဖြစ်ခြင်းခံကြရ ပါသည်။ ထို့ကြောင့် (အင်စီဂျီယူဘီ)သည် အချို့ ပြောနေသလို ‘ကိုယ့်ဖါသာကိုယ်ဖွဲ့လိုက်သည့်(လော်ဘီ)အုပ်စုလေး’ မဟုတ်မူပဲ၊ ‘ကိုယ့်ဖါသာအနာခံဖွဲ့ထားသည့် အစိုးရ’ တရပ်ဖြစ်ပါသည်။

ဒုတိယအချက်မှာ အဆုံးအဖြတ်ကို (အင်နယ်လ်ဒီ)အမတ်များကလုပ်ပြီး ကိုယ်စားလွှဲအခွင့်အာဏာ(မင်းဒိတ်)ကိုမူ အမတ်များ၏ လှို့ဝှက် အစည်းအဝေးများက ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ (အင်နယ်လ်ဒီ) မဟုတ်သည့် နိုင်ငံရေးပါတီ များကိုလည်း တိုင်ပင်ညှိနှိုင်းရာ ကျွန်တော်တို့၏ရဲရင့်သောဆုံးဖြတ်မှုအား ထောက်ခံ-အားပေးခဲ့ကြပါသည်။

တတိယအမှန်တရားမှာ ထိုစဉ်က ထိုင်း-မြန်မာနယ်စပ်ရှိ လွတ်မြောက်နယ်မြေ ဧရိယာစတုရန်းမိုင်အချို့အား ပိုင်ဆိုင် ထားသည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများက သဘောတူ-ထောက်ခံချက်များ ပေးအပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ (မာနယ်ပလော) ကျတော့မှသာ (အင်စီဂျီယူဘီ)သည် အဝေးရောက်အစိုးရ ဖြစ်လာရခြင်းဖြစ်ပါသည်။ ယင်းအချက်ကြီး (၃)ချက်မှာ ၂ဝဝ၈ နှစ်ဆန်းအထိ မှန်ကန်နေဆဲဖြစ်ပါသည်။

စဉ်းစားဆွေးနွေးမှုအသစ်များ
၂ဝဝ၇ခုနှစ် စက်တင်္ဘာအရေးအခင်းကြီးအပြီး အာဏာလက်မလွှတ်တန်းဆုပ်ကိုင်ထားနေသော စစ်အုပ်စုအား ရင်ဆိုင် အန်တုရန် နည်းလမ်းသစ်များရှာဖွေခြင်းမှာ မှန်ကန်သင့်မြတ်လှပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် အလား တူသောအစိုးရဖွဲ့ရေး စဉ်းစားဆွေးနွေးမှုများရှိလာပါသည်။ စနစ်တကျ လေ့လာမှုလည်း လုပ်ကြပါသည်။ ပြည်ပရောက်များ ဖြစ်နေ၍ ဆွေးနွေးမှုများမှာ ၁၉၉ဝ ခုနှစ်က ကဲ့သို့ လှို့ဝှက်မဟုတ်တော့ပါ။ နိုင်ငံကောင်းစားရေးအတွက် ပိုမို ကောင်းမည့် နည်းနာများရှာခြင်းတို့ကို (အင်စီဂျီယူဘီ)ကကြိုဆိုပါသည်။ အရေးကြီးသည့် မေးခွန်းတရပ်မှာ ဤသို့သောအခြေအနေတွင် မည်သူများက အစိုးရဖွဲ့ရန် ဆုံးဖြတ်သင့်သနည်း။ ၁၉၉ဝ ကအဆုံးအဖြတ်ကို ကျွန်ုပ်တို့ (အင်နယ်လ်ဒီ) အမတ်များက တိုင်ပင်၍ရမည့် ဗဟို-တိုင်း-ပြည်နယ် ပါတီစည်းရုံးရေးမှူးများနှင့် တိုင်ပင်၍ ချခဲ့ကြခြင်းဖြစ်ပါသည်။

ယနေ့အခြေအနေမှာ အားလုံးပါဝင်နိုင်သည့်ဆွေးနွေးမှုမျိုး မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ အရေးတကြီးစဉ်းစား ဆုံးဖြတ်ရမည့် အဆိုပြုချက်ကို ပြည်တွင်း-ပြည်ပက အများသဘောတူမှုမျိုး (ကွန်ဆင်းဆပ်)ဖြစ်အပ်ပါသည်။ သို့သော် ဘယ်သောအခါမှ မရတတ်သည့် ရာနှုန်းပြည့် သဘောတူညီမှုမျိုးကို မဆိုလိုပါ။ အလားတူ ဆုံးဖြတ်ချက်အမှားများရှိတတ်သော ‘မဲများရာ ဆုံးဖြတ်ခြင်း’မျိုးကိုလည်း မဆိုလိုပါ။ ဒီမိုကရေစီ၏ အားနည်းချက်ဖြစ်ပါသည်။ သို့တစေ (ထရန်စ်ပဲရင့်စီ)ပွင့်ပွင့်-ရှင်းရှင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

လက်တွေ့တွင် အစိုးရတရပ်အဖို့ ထောက်ခံမည့်နိုင်ငံတခုခု လိုအပ်ပါသေးသည်။ ဥပမာ ဘုန်းတော်ကြီး ဒလိုင်လားမား၏ တိဘက် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ (စီတီအေ)အတွက် အိန္ဒိယနိုင်ငံ ရှိသကဲ့သို့။ ကျွန်ုပ်တို့မှာ ထိုသို့ရှိပြီလား။ နာဂဒေသ အားလုံးသို့ပင် အရောက်သွားရန် လွန်စွာ ခက်ခဲလှသည့် စာရမေရိတောင်ထိပ်အနီးရှိ (အင်အက်စီအင်န်-ကေ)၏ အစိုးရ ဌာနချုပ်ထက် နေရာကောင်းဘို့ ကျွန်ုပ်တို့လိုအပ်ပါမည်။

(အင်နယ်လ်ဒီ)ပါတီဝင်များမှာ အခြားပုဂ္ဂိုလ်များလောက် အုပ်ချုပ်ရေး-ဥပဒေပြုရေးကိစ္စများဆောင်ရွက်ရန် လွတ်လပ်မှု မရှိပါချေ။ ရွေးကောက်ပွဲဝင်စဉ်က ရွေးကောက်ပွဲကြေညာစာတမ်းရှိပါသည်။ အကြမ်းမဖက်ခြင်းမှာ (အင်နယ်လ်ဒီ)၏ မူဖြစ် ပါသည်။ ၂ဝဝ၇အတွင်းက အကြမ်းဖက်၊ မတရားဖြိုခွဲခံရအပြီး၊ အခဲမကျေဖြစ်ကြကာ အချို့မှာ ပိုမိုပြင်းထံသော နည်းလမ်းများကို အားပြုချင်လာကြပါသည်။ မှတ်သားရန်မှာ ဂန္ဒီသည် (ဆူးဘတ်-ချန္ဒရာဘို့ရှ်)၏ အိန္ဒိယအမျိုးသား တပ်မတော် (အိုင်အင်န်အေ)၏ ဖခင်ကြီးလည်း မဟုတ်၊ တပ်သားလည်း မဟုတ်ခဲ့ပါချေ။

အကယ်၍ အစိုးရတွင် ပါသင့်ပါထိုက်သောဝန်ကြီးဌာနအားလုံး ထည့်၍ဖွဲ့သည်ဆိုပါက လက်ရှိထောက်ကူနေသည့် နိုင်ငံ တကာအဖွဲ့အစည်းအချို့က ဆက်လက်ကူညီရန်ဖြစ်နိုင်မည်မဟုတ်ပါ။ ဤနေရာတွင် (အင်ဂျီအို)နှင့် နိုင်ငံတကာ ထောက် ကူငွေကြောင့် ကျွန်ုပ်တို့၏ အရေးကြီးသောနိုင်ငံရေးအဆုံးအဖြတ်များမချရတော့ဟု မဆိုလိုပါ။ ဤလမ်းကမရလျင် အခြား နည်းလမ်းကို ရှာထားရန်လိုအပ်ပါသည်။ တိဗက်ဗဟိုအုပ်ချုပ်ရေးဌာနများက တဗက်လူမျိုးများထံက အခွန်ငွေ စနစ်တကျ ကောက်ခံရယူပါသည်။ ပြည်ပရောက်နေကြကုန်သော မြန်မာနိုင်ငံသားအားလုံးမဟုတ်စေကာမူ အများစုက လှုပ်ရှားမှုကြီးအတွက်ဖြစ်စေ အစိုးရအတွက်ဖြစ်စေ ကူညီနိုင်ကြပါမည်လော။

နိုင်ငံရေးစဉ်းစားချက်
၉-၁၁-ဝ၇ နေ့ကထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါသည့်ကြေညာချက်တွင် ‘ဒီမိုကရေစီ သွေးစည်းရေးနှင့် အမျိုးသားညီညွတ်ရေး’ကို ဖေါ်ပြထားပါသည်။ ဤသည်မှာ ၂ဝဝ၈ မှစ၍ လုပ်ဆောင်ရမည့် လမ်းညွှန်ချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စဉ်းစားချက်၊ လုပ်ဆောင်မျက် မှန်သမျှမှာ သူမ၏ညွှန်ကြားချက်အတိုင်းဖြစ်ရပါလိမ့်မည်။ ယင်းတာဝန်ကြီးများ မဆောင်ရွက်နိုင်မီ အနည်းဆုံးအားဖြင့် ရရှိထားသော နားလည်မှု၊ သွေးစည်းမှုနှင့် ညီညွတ်ရေးတို့အား မထိခိုက်စေသင့်ပါ။

နအဖ အား ဖိအားပိုမိုပေးရန်လိုအပ်သည်မှာ လုံးဝမှန်ကန်ပါသည်။ သို့ရာတွင် (ဂျန်ဘို-ကက်ဘိနက်) ဝန်ကြီးတွေအများ ကြီးဖြင့်အစိုးရဖွဲ့လိုက်၍ နအဖ အားပို၍အထိနာစေမည်ဆိုသည်ကို လက်ခံရန်ခက်ပါသည်။ သူ့မိတ်ဆွေဆိုသူများပင်လျင် နအဖသည် တိုင်းပြည်ကို ကောင်းအောင် မလုပ်နိုင်၊ စီးပွါးရေးကိုလည်း ကောင်းမွန်စွာ မစီမံ မခန့်ခွဲတတ်ကြောင်း သိနေ ကြပါပြီ။ ကျွန်ုပ်တို့အဖို့ ‘နေပြည်တော်’ မရောက်မချင်း နအဖ ထက်သာကြောင်း၊ တော်ကြောင်း၊ ပြသနိုင်ကြသေးမည် မဟုတ်ပါ။

လွန်ခဲ့သော (၁၉)နှစ်အတွင်း နအဖ ဘာတွေလုပ်ခဲ့သည်။ ဘာတွေအောင်မြင်ခဲ့သည်၊ ဘာတွေ မအောင်မြင် ဆိုသည်အား ဆန်းစစ်ရပါမည်။ ၄င်းတို့ အာဏာသိမ်းစဉ်က လူထုအားနှစ်သိမ့်၍ စစ်တပ်အာဏာသိမ်းမှုအား အကြောင်းပြရန်၊ ပါတီစုံ ဒီမိုကရေစီလုပ်မည်၊ ရွေးကောက်ပွဲကျင်းပမည်ဟု ပဌမဆုံးသော ကြေညာချက်တွင် ပါဝင်ခဲ့သည်။ သူတို့သက်တမ်းတလျောက် တခုတည်းသော တည်ခဲ့သည့်ကတိမှာ ၂၇-၁-၁၉၉ဝ နေ့က ရွေးကောက်ပွဲလုပ်ပေးခြင်းသာဖြစ်ပါသည်။

ထိုကတည်းက နဝတ-နအဖ သည် မည်သူ့ကိုမျှမထောက် သူတို့လုပ်ချင်ရာကို လုပ်ပါတော့သည်။ ဈေးကြီးကြီးပေးရပါစေ၊ လုပ်ချင်တိုင်းလည်း ရအောင်လုပ်နိုင်သည်။ သူတို့သည် (ဆန်ရှင်)ကိုသော်၎င်း၊ (ရီဇိုလူးရှင်း)စာရွက်ပေါ်က ဆုံးဖြတ်ချက် များကို၎င်း၊ ဂရုမစိုက်ပါ။ (အာစီယန်)ကို၎င်း၊ ကုလသမဂ္ဂကို၎င်း အလေးဂရု မပြုပါ။ ကျောင်းသားများကို နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ အမတ်များကို နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ နောက်ဆုံး ဘုန်းကြီးများကိုလည်း နှိပ်ကွပ်၊ ဖမ်းဆီး၊ သတ်ပြစ်သည်။ သို့ရာတွင် သူတို့သတ်မပြစ်နိုင်သေးသည်မှာ ‘၁၉၉ဝ ရွေးကောက်ပွဲရလဒ်’ဖြစ်ပါသည်။

၁/၉ဝ သည် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို နှိပ်ကွပ်၊ ဖမ်းဆီးထားဘို့ဖြစ်ပါသည်။ ၄-၅နှစ် ကြာလာသောအခါ သူတို့၏ သတင်းစာများက ရွေးကောက်ပွဲရလဒ် တရားမဝင်တော့သလိုရေးသားလာရာ၊ သံယောင်လိုက်ပြောသူတွေ တွေ့ရပါသည်။ နောက် ၄-၅နှစ်ကြာပြန်သောအခါ အတိုက်အခံများသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိသလို စွပ်စွဲလာသည်။ သူတို့ အပြော လိုက်ပြောသည့် အစိုးရတွေ၊ လူတွေရှိခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(စီအာရ်ပီပီ)မှ တိုင်းပြည် နှင့်အသင့်တော်ဆုံးသော ပေါ်လစီများ ပြည့်ပြည့်စုံစုံပါသည့်အစီရင်ခံစာကို ထုတ်ပြန်ပေးခဲ့သည်။ စစ်နှင့်အရပ်ဖက် အရာရှိကြီးများကလည်း (တဦးချင်းပြောလျင်) ဒီမိုကရေစီအရေးကို စာနာထောက်ထားကြောင်း ပြောကြလာကြပါပြီ။

၂ဝဝ၇ အရေးအခင်းအပြီး စိတ်ဝင်စားဘွယ်ကောင်းသော စိုးရိမ်ချက်အသစ်တမျိုးကို အိမ်နီးချင်းနိုင်ငံများက ပြောလာကြ သည်။ ‘စစ်အုပ်ချုပ်မှု မရှိလျင် မြန်မာပြည်သည် (ဘော်လကန်နိုက်ဇေးရှင်း)ဖြစ်မည်’ ဟူ၍ ဖြစ်ပါသည်။ နိုင်ငံရေးသမားဟူ သည် အကောင်းမြင် ကြည့်တတ်ရပါမည်။ အိမ်နီးချင်းနိုင်ငံများသည် ‘စစ်တပ်အုပ်စိုးမှုအလွန် မြန်မာနိုင်ငံ’ ဆိုသည်ကို စဉ်းစားလာနေကြပြီဟူ၍ ယူရပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့ လုပ်ကြရမည့်အလုပ်တခုမှာ အိမ်နီးချင်းများ၏ စိုးရိမ်မှုကို ဖျေဖြောက်ပေးရန်ဖြစ်သည်။ ပြည်ထောင်စု၏တာဝန်ရှိသူအားလုံး၌ ခိုင်မာ-အားရှိသောငြင်းဆိုချက်ပေးကြရန် တာဝန်ရှိသည်။ ရှိထားသည့် တင်းကြပ်စွာဖွဲ့စီးထားခြင်းမရှိသော တပ်ပေါင်းစုများသည် ပြည့်စုံသောအဖြေမဟုတ်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်အား တိုင်းရင်းသားနိုင်ငံရေးပါတီ(၁၂)ခု ထောက်ခံလိုက်မှုမှာ ကောင်းဆုံးထဲက တခုဖြစ်ပေသည်။ ဤပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များမှာ တဖက်က လုပ်ထားသမျှအနက် အကောင်းဆုံးလက်ရာ(မာစတာပိစ်) ဖြစ်ပါသည်။ ယခုဆိုလျင် ယခင်ကထက် အစည်းပြေလာသော်လည်း တည်နေမြဲနေဆဲဖြစ်ပါသည်။ အပစ်ရပ်အဖွဲ့များ ပိုမို ရဲရင့်လာနိုင်ကြမည်လော။

လူတိုင်းနားလည်ကြသည့် အခြေခံသဘောတရားမှာ လူထုသည် မိမိအတွက်မိမိဖါသာ လုပ်ဆောင်ရမည် ဟူ၍ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်မှုသည် ကျွန်ုပ်တို့၏ ပြည်ပဆောင်ရွက်မှုများထက် အရေးပါကြောင်းကို ရှစ်လေးလုံး ကျောင်းသားများနှင့် ရဟန်းသံဃာတော်များက ပြခဲ့ကြပေပြီ။ ထို့ကြောင့် မိမိတို့၏ အသစ် စဉ်းစား လုပ်ဆောင်မှုများအား အထဲက ထောက်ခံ-အားပေးမှု ရှိရပါလိမ့်မည်။

၂ဝဝ၇ ကြိုးပမ်းမှုသည် ကမ္ဘာ့အမြင်ကို ပြောင်းသွားစေခဲ့သည်မှန်သော်လည်း နအဖ သည် သူတို့၏ ပေါ်ပြူလာမဖြစ်တော့သော (ရုပ်မက်)ကိုပင် တစိုက်မတ်မတ်တင်နေပေသည်။ ကမ္ဘာ့အမြင်ပြောင်းလဲစေမှုကြီး ရှိစေကာမူ အဘယ့်ကြောင့် နအဖ အား သူတို့၏ (ရုပ်မက်)ကို ပြုပြင်စေရန် မစွမ်းနိုင်ပါသနည်း။ ဆိုလိုအချက်ကို တင်ပြပါမည်။ ၁/၉ဝသည် ၁၉၉ဝ ရွေး ကောက်ပွဲ ရလဒ်အား တားဆီးဘို့ဖြစ်ခဲ့ပြီး၊ (ရုပ်မက်)မှာ ယင်းကိုသတ်ပြစ်ဘို့ဖြစ်ပါသည်။ ထို့ကြောင့်ပင် စစ်အုပ်စုသည် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အား အသေအလဲ သတ်ပြစ်ချင်ပါသည်။ ဤသို့ယူစေချင်ပါသည်။ ၁၉၉ဝရွေးကောက်ပွဲရလဒ်က ကျွန်ုပ်တို့၏ အကြီးဆုံး‘အား’ဖြစ်ရာ ယင်းကို ကောင်းကောင်းအသုံးချရပါမည်၊ ရေရောသည့်အဖြစ်မျိုး မရောက်စေသင့်ပါ။

စဉ်ပြိုင်အစိုးရတရပ် ပေါ်ချင်ပေါ်လာမည်။ ပေါ်ချင်မှလည်း ပေါ်မည်။ သို့သော် ၂ဝဝ၈မှစသည့် ကျွန်ုပ်တို့၏ ကြိုးပမ်းချက်များသည် ‘ဒီမိုကရေစီသွေးစည်ရေးနှင့်အမျိုးသားညီညွတ်ရေး’တို့အား အထောက်အကူဖြစ်ရပါလိမ့်မည်။ အချင်းချင်းသဘော ကွဲမှုများ ရှောင်ရှားရပါမည်။ ယင်းမှာ ၁၉၉ဝရွေးကောက်ပွဲရလဒ်အား ပိုမို ထိရောက်စွာ အကောင်အထည်ဖေါ်ခြင်းမျိုးဖြစ် ရမည်သာမက ရှိပြီးသားအစိုးရထက် ထိရောက်မှုပိုရှိပါမည်ဆိုသည်ကိုလည်း သေချာစေသင့်ပါသည်။ ထိုအတွက် (အင်စီဂျီ ယူဘီ)က ဝမ်းပမ်းတသာဆောင်ရွက်ပါမည်။ ယင်းအတောအတွင်း ကျွန်ုပ်တို့အားလုံးအဖို့ ဒေါ်စု၏လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ရန် အလုပ်တွေ တလှေကြီးရှိနေကြပါသည်။

တင့်ဆွေ
(အင်စီဂျီယူဘီ)

No comments:

Post a Comment